သွားလာရေး အခက်အခဲကြောင့် ဒုက္ခသည်တွေကို ကူညီပေးဖို့ အဆင်မပြေဖြစ်

စစ်တွေ၊ ဇူလိုင် ၁၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် မြို့နယ်သုံးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပါတယ်။

 

အဲ့ဒီရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်ရေး၊ စားသောက်ရေးအပြင် တခြားအကူအညီတွေပါ လိုအပ်နေကြတာ ဖြစ်ပါတယ်။

 

“အကူညီတွေကတော့ အများကြီးလိုအပ်နေတာပါ။ ဒီလူတွေကို နေရာချထားဖို့အတွက်က အဓိကအရေးကြီးနေတယ်။ သူတို့အတွက် စားရေးသောက်ရေးတွေကလည်း မရှိဘူး။ ဒေသခံတွေရဲ့အကူအညီတွေကလွဲလို့ တခြားဌာနဆိုင်ရာတွေက လာကူညီပေးတာ မရှိသေးဘူး။ မီးသတ်တစ်ခုပဲ ကူညီနေတာ တွေ့ရတယ်။”လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

 

အခုလိုမျိုး ရေဘေးကြောင့်အခက်အခဲရှိနေတဲ့နေရာတွေမှာ လိုအပ်တဲ့အကူအညီတွေကိုပေးဖို့နဲ့ အစိုးရအဖွဲ့က မြို့နယ်တွေကို ကြိုတင်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

 

“ရေဘေးနဲ့ကြုံရနိုင်တဲ့နေရာတွေမှာ အကူအညီတွေပေးဖို့အတွက် ညွှန်ကြားထားပါတယ်။ လောလောဆယ်မှာတော့ သွားလာရေးကိစ္စတွေ အခက်အခဲဖြစ်နေလို့ မရောက်လာနိုင်တာ ဖြစ်နိုင်ပါတယ်။ လေးမြို့မြစ်အထက်က စင်းဘောကိုင်းလိုနေရာတွေမှာဆိုရင် သွားဖို့မလွယ်တဲ့အတွက် အဲ့ဒီကလူတွေကို ခေါ်ပြီးတော့ အကူအညီပေးတာတွေ လုပ်ထားပါတယ်။”လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ ပြည်သူ တစ်သိန်းနီးပါးခန့်ရှိနေပြီဖြစ်ပြီး လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်နေတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

 

#voiceofmyanmar #သွားလာရေးအခက်အခဲ #ဒုက္ခသည်တွေကိုကူညီပေးဖို့အဆင်မပြေ #ရခိုင် #စစ်တွေ #မင်းပြား #စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်

Related posts

Leave a Comment

VOM News

FREE
VIEW