ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း အားလုံး ကြိုးစားကြဖို့ အချိန်ကျပြီ

မန္တလေး၊ ဇူလိုင် ၁၉ – ၂၀၁၉

ဖြူဖြူ(VOM)

 

တိုင်းပြည်မငြိမ်းချမ်းသေးတာဟာ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း မဆောင်ရွက်သေးလို့ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့လမ်းစဉ်တွေကို ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောဆိုပါတယ်။

 

ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း စည်းလုံးရမယ်၊ ညီညွတ်ရမယ်၊ ကြိုးစားရမယ် ဆိုတဲ့ ဒီသုံးချက်နဲ့ နောက်မျိုးဆက်သစ်တွေ ပြည့်ပြီလား၊ လုပ်နေကြပြီလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ တိုင်းပြည်မငြိမ်းချမ်းသေးဘဲ စစ်ပွဲတွေဖြစ်နေသေးတယ်ဆိုတာက မစည်းလုံး၊ မညီညွတ်ဘဲ ကြိုးစားမှုနည်းနေတာကြောင့်ဖြစ်ပြီး ဒါကြောင့် ကမ္ဘာမှာ ရင်ဘောင်မတန်းနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတဲ့ ၂၁ ရာစုပင်လုံမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် မျိုးဆက်သစ်တွေ အနေနဲ့ အာဇာနည်ဆိုတာ ဘယ်လိုလူစားတွေလဲ၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေ လေ့လာဖို့ လိုအပ်သလို အရင်မျိုးဆက်တွေ မလုပ်နိုင်ခဲ့တဲ့၊ မအောင်မြင်ခဲ့တဲ့ နိုင်ငံအတွက်လုပ်ငန်းစဉ်တွေကို ပုခုံးလွှဲပြောင်းယူနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားအပြီးမှာ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့တာပါ။

 

ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့  အခမ်းအနားကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပနေကြသလို မန္တလေးမြို့မှာလည်း ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

 

လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အာဇာနည်နေ့ အခမ်းအနားတွေ ပိုကျင်းပနိုင်ခဲ့သလို နိုင်ငံ့ခေါင်းဆောင်တွေအကြောင်း အများပြည်သူသိရှိမှု၊ ပြည်သူပါဝင်မှုတွေလည်း ကျယ်ပြန့်လာတဲ့အတွက် ဒါဟာ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားလာကြောင်းတွေ့မြင်ရတယ်လို့ မှတ်ချပြုခဲ့ပါသေးတယ်။

 

#voiceofmyanmar #မန္တလေး #အာဇာနည်နေ့ #ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်

Related posts

Leave a Comment

VOM News

FREE
VIEW