ရိုဟင်ဂျာတွေ ပြန်လက်ခံရေးအစီအစဉ် စက်တင်ဘာမှာ ပြန်စနိုင်ဖွယ်ရှိ

ဒါကာ၊ ဇူလိုင်-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ကာလရှည် အကြပ်အတည်းဖြစ်နေပေမယ့် စက်တင်ဘာလမှာ မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ် စတင်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်း တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး တူရကီအခြေစိုက် Anadolu သတင်းဌာနက ဖော်ပြပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဇူလိုင် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

လာမယ့် စက်တင်ဘာလကစပြီး ရိုဟင်ဂျာတွေပြန်ပို့ရေးအစီအစဉ် ပြန်စဖို့မိမိမျှော်လင့်ကြောင်း၊ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စရပ်တွေ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ဆောင်နေတယ်လို့ မိုမန်ကပြောဆိုခဲ့တယ်လို့ Financial Express သတင်းမှာ ဖော်ပြပါတယ်။

 

စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ရိုဟင်ဂျာပြသနာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားတွေကို မြန်မာနိုင်ငံက မျှော်လင့်ထားမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအကြီးအကဲ၊ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ အခုလအတွင်းသွားရောက်တွေ့ဆုံခဲ့သူ မိုမန်က ဆိုပါတယ်။

 

ရိုဟင်ဂျာတွေကို ဘေးကင်းလုံခြုံစွာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ ပိုမိုအားထုတ်ကြိုးပမ်းပေးဖို့ကိုလည်း သူကတိုက်တွန်းလိုက်ပါတယ်။

 

ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ မူလနေထိုင်ခဲ့တဲ့ ရွာတွေမှာ ပြန်နေခွင့်ရရေး၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိမယ်ဆိုရင် ရခိုင်ပြည်နယ်ကို  ပြန်ကြလိမ့်မယ်လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က ပြောပါတယ်။

 

Ref: Bernama

Photo :AFP

 

#voiceofmyanmar #ရိုဟင်ဂျာ #ပြန်လက်ခံရေးအစီအစဉ်စက်တင်ဘာလပြန်စနိုင်ဖွယ်ရှိ #ဘင်္ဂလားဒေ့ရှ် #ဒါကာ #မြန်မာ #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW