အစ္စလမ္မာဘက်၊ သြဂုတ်-၈-၂၀၁၉
မျိုးဆက် (VOM)
ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်တော့မှာဖြစ်သလို နှစ်နိုင်ငံ ကုန်သွယ်မှုကို ရပ်ဆိုင်းမယ့် အစီအစဉ်ကိုလည်း ကြေညာလိုက်ပြီး အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသအရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား ပိုမိုတင်းမာနေပါတယ်။
အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အထူးဖွဲ့စည်းပုံဆိုင်ရာ ဒေသတွင်း ကိုယ်ပိုင် အုပ်ချုပ်မှုကို ပယ်ဖျက်ဖို့ သြဂုတ် ၆ ရက်မှာ အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ပြီးနောက် အဲဒီဒေသကို ထိန်းချုပ်ထားပါတယ်။
မိုဘိုင်းဖုန်းဆက်သွယ်မှုတွေနဲ့ အင်တာနက်ဆက်သွယ်ရေးတွေဟာလည်း သြဂုတ် ၄ ရက်ကတည်းက ပြတ်တောက်နေသလို လမ်းတွေပေါ်မှာလည်း သောင်းနဲ့ချီတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေကြပါတယ်။
ဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း ဆန္ဒပြမှုတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့ ဖြစ်စဉ်တွေရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ကက်ရှမီးယားဒေသရှိ မိသားစုတွေနဲ့ အဆက်အသွယ်မရကြောင်းနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အိန္ဒိယနိုင်ငံရဲ့ အခြားဒေသတွေမှာနေထိုင်တဲ့ ကက်ရှ်မီးယားပြည်သူတွေက ပြောပါတယ်။
Ref : BBC
Photo : AFP
#voiceofmyanmar #အိန္ဒိယ #ကက်ရှ်မီးယား #ပါကစ္စတန်