HIV ကလေးတို့ရဲ့ ခိုကိုးရာ

မန္တလေး၊ သြဂုတ် ၁၃ – ၂၀၁၉

ဖြူဖြူ (VOM)

 

HIV ဝေဒနာသည်လို့ကြားရင် ရှောင်ကျဉ်တတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကလည်း ရှိနေသေးတဲ့အချိန်မှာ ဒီရောဂါခံစားနေရသူတွေအတွက် နေ့စဉ်ဖြတ်သန်းမှုတွေက ခက်ခဲပါတယ်။

 

အထူးသဖြင့် မိဘမရှိတော့တဲ့ HIV ရောဂါသည် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူ့ပတ်ဝန်းကျင်မှာ အများနည်းတူရှင်သန်နိုင်ဖို့ ခက်ခဲသလို အဲဒီကလေးတွေ ကိုယ်တိုင်ကလည်း စိတ်ခွန်အားကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။

 

ဒီလိုကလေးတွေအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဧရိယာထဲမှာ သုခရိပ်မြုံဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးက ကြိုဆိုနေပါတယ်။

 

အသက်တစ်နှစ်ခွဲကနေ ၁၂ နှစ်အတွင်း HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို လူမျိုးဘာသာမရွေး လက်ခံကာ တရားဝင်မွေးစားပြီး   ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီကလေးတွေ အိမ်ထောင်ကျတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင်စီးပွားရေးလုပ်ကိုင် အခြေကျသွားတဲ့အထိ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။

 

သုခရိမ်မြုံဂေဟာကို လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီ အချိန်က HIV ရောဂါခံစားနေရတဲ့ ကလေးငယ် နှစ်ယောက်ကိုသာ စတင်လက်ခံနိုင်ခဲ့ရာကနေ အခုဆိုရင် ၈၇ ယောက်အထိ ရှိပြီ ဖြစ်ပါတယ်။

 

ဂေဟာကနေ ပညာသင်ကြားနေတဲ့ ကလေးတွေအနေနဲ့ကတော့ KG တန်း ၅၃ ယောက်၊ အလယ်တန်း ၂၃ ယောက်၊ အထက်တန်း ၆ ယောက်ရှိပြီး အဲဒီကလေးတွေအတွက် ဝန်ထမ်း ၁၆ ယောက်ရှိပါတယ်။

 

အချိန်ကြာလာတာနဲ့အမျှ ကလေးတွေဟာ အရွယ်ရောက်လာကြသလို လူဦးရေကလည်းတိုးပွားလာတဲ့အတွက် နေရာကြပ်တည်းမှုအချို့လည်း ရှိနေပါတယ်။ လက်ရှိအချိန်မှာ နေရာကြပ်တည်းမှုဖြစ်နေပေမယ့် ဂေဟာကိုပို့လာတဲ့ ကလေးတွေကို ငြင်းပယ်လိုက်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

 

ကလေးငယ်တွေကိုပြုစုစောင့်ရှောက်တဲ့ အခြားပရဟိတ အဖွဲ့အစည်းတွေရှိပေမယ့် HIV ရောဂါခံစားနေရတဲ့ ကလေးတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဂေဟာအနေနဲ့ကတော့ အထက်ဗမာပြည်မှာဆိုရင် ဒီတစ်ခုတည်းရှိတာဖြစ်ပြီး အောက်ဘက်မှာဆိုရင်တော့ ရန်ကုန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ အလားတူပဲ အနယ်နယ်အရပ်ရပ်က အခုလို HIV ကလေးတွေအတွက်ကတော့ ပြုစုစောင့်ရှောက်ရေး ဂေဟာတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

 

 

#voiceofmyanmar #မန္တလေး #သုခရိပ်မြုံ #HIV

Related posts

Leave a Comment

VOM News

FREE
VIEW