ရန်ကုန် မြို့တော်ခမ်းမရှေ့မှာ ကရင့်အာဇာနည်နေ့ လုပ်ခဲ့တဲ့ နော်အုံးလှအပါအဝင် ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်

ရန်ကုန်၊ သြဂုတ် ၁၅-၂၀၁၉

နေလင်း (VOM)

 

သြဂုတ် ၁၂ ရက်က ကျရောက်တဲ့  ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တဲ့အတွက် အခမ်းအနားဦးဆောင်သူတွေထဲက  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်အုံးလှနဲ့  တခြားဦးဆောင်သူ ၂ ယောက်ကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။

 

အမှုဖွင့်ခံရတဲ့ နော်အုံးလှက “ကျမကို ညနေက ကျောက်တံတားမြို့နယ်မှူးက တရားစွဲထားတယ်။ ပြီးခဲ့တဲ့ကရင်အာဇာနည်နေ့လုပ်လို့ တရားစွဲတယ်ပေါ့။ စခန်းကို ခဏလာပါဦးတဲ့၊ ကျမက မလာနိုင်ဘူးလို့ပြောလိုက်တယ်။ ဘာပုဒ်မလဲလို့ ကျမလည်း မမေးလိုက်ဘူး။ ကျမနဲ့ စောအဲလဘတ်ချိုရယ် နောက်တယောက်က ကျမလည်းမမှတ်မိဘူး ။” လို့  ပြောပါတယ်။

 

ကရင့်အာဇာနည်နေ့ မတိုင်ခင်ကတည်းက ကမာရွတ်နဲ့ တောင်ဒဂုံမြို့နယ်က ခန်းမတွေမှာ ခွင့်ပြုမိန့်ရဖို့ ကြိုးစားပေမယ့် ခွင့်ပြုမပေးလို့  နိုင်ငံသားအခွင့်အရေးအရ  အများပိုင်နေရာမှာ လုပ်တာလို့လည်း နော်အုံးလှက ဆက်ပြောပါတယ်။

 

“ကျမက ဥပဒေနဲ့အညီလုပ်ထားတာပဲ၊ ခန်းမတွေမှာလုပ်မယ့်ဟာ အစိုးရကခွင့်မပြုနိုင်လို့ အရှေ့ဒဂုံကို ကမာရွတ်တို့ က ခွင့်မပြုလို့ ငြိမ်းစုစီ ဥပဒေအရ နိုင်ငံသားအခွင့်အရေးအရလုပ်တာ။ ဒါ့ကြောင့် မလာနိုင်ဘူး၊ ဘာမှဥပဒေချိုးဖေါက်တာမရှိဘူးလို့ပြောလိုက်တယ်။ ဥပဒေနဲ့အညီ နိုင်ငံသားအခွင့်အရေးလုပ်တာကို သူတို့က ပွဲစတဲ့အခါ အာဇာနည်နေ့ဆိုတာဖြုတ်ခိုင်းတယ်၊ ကျမတို့ မဖြုတ်ပဲလုပ်ခဲ့တယ်။  အခု သွားနေတဲ့ ဒီမိုကရေစီအစိုးရက အနာဂါတ်ဖယ်ဒရယ်သွားမယ်ပြောတယ်၊ တိုင်းရင်းသားအခွင့်အရေး ဒီလိုသေးသေးလေးကိုတောင် လိုက်ချုပ်ချယ်ခြင်းအားဖြင့် ဥပေဒေက ပေးထားခွင့်တွေကို ချိုးဖေါက်တယ်လို့ ခံစားရတယ်။”   လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်အုံးလှက ပြောပါတယ်။

 

ရဲစခန်းက ငြိမ်းစုစီပုဒ်မနဲ့ ဖွင့်မယ်လို့ထင်ပေမယ့် ဘယ်လိုပုဒ်မနဲ့ အမှုဖွင့်ဖွင့် သူကတော့ သွားရောက်စစ်ဆေးခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။ အရင်နှစ်တွေက ကရင့်အာဇာနည်နေ့ကို  ဧရာဝတီတိုင်းမှာလုပ်ခဲ့လို့  ကေအန်ယူဗဟိုကော်မတီဝင်ဟောင်း မန်းငြိမ်းမောင်လည်း အမှုဖွင့်ခံရပေမယ့် နောက်ပိုင်းပြေလည်သွားခဲ့ပါတယ်။ ဒီနှစ် ၆၉  နှစ်မြှောက် ကရင့်အာဇာနည်နေ့ကို  ကရင်ပြည်နယ် ဘားအံမြို့မှာလည်း လုပ်ခဲ့ပါသေးတယ်။

 

#voiceofmyanmar  #ကရင့်အာဇာနည်နေ့ #နော်အုံးလှ #ရန်ကုန်

 

ဓါတ်ပုံ – Hnin Hnin Hmway

Related posts

Leave a Comment

VOM News

FREE
VIEW