နောင်ချိုဘက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကုန်သည်တွေနဲ့ ပြည်သူတွေ စိုးရိမ်နေရ

မန္တလေး၊ သြဂုတ် ၁၅ – ၂၀၁၉

ဖြူဖြူ (VOM)

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဂုတ်တွင်းလမ်းဘက်မှာ ဒီနေ့ မနက်အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မွန်းလွဲပိုင်းအထိ ဖြစ်ပေါ်နေသေးတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေရှိနေသလို လမ်းတံတားပျက်စီးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

 

မွန်းလွဲ သုံးနာရီဝန်းကျင်အချိန်အထိ အဲဒီပစ်ခတ်မှုတွေကြောင့် အရပ်သားတွေနဲ့ ဂုတ်တွင်းရဲကင်းက တာဝန်ကျ ရဲဝန်ထမ်းတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလည်း ဆေးရုံးတွေကိုပို့ဆောင်ပေးနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

တရုတ်နိုင်ငံဘက်နဲ့ ကုန်သွယ်နေရတဲ့  ကုန်သည်တွေနဲ့ ခရီးသွားတွေဟာ နောင်ချို၊ ဂုတ်တွင်းလမ်းကို အဓိကထားအသုံးပြုနေရတာဖြစ်ပြီး အခုလို ပစ်ခတ်မှုတွေကြောင့် အများပြည်သူစိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။

 

“ပြည်သူတွေ သွားရေး၊ လာရေးဆောင်ရွက်နေတဲ့ လမ်းတံတားတွေကိုတော့ လက်နက်ကိုင်တွေ အနေနဲ့ ဖြိုခွဲဖျက်စီးတာတွေ မလုပ်သင့်ပါဘူး။ အခုက ကျနော်တို့ ကျွဲနွားတင်ပို့သူမှ မဟုတ်ဘူး၊ အကုန်လုံးဒုက္ခရောက်တော့မှာလေ။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊ နွားကုန်သည် ဦးသောင်းခိုင်က ပြောပါတယ်။

 

အခုလို အခြေအနေတွေကြောင့် ကုန်စည်ပို့ဆောင်မယ့် ယာဉ်တွေအနေနဲ့ ရပ်တန့်ထားရပါတယ်။ မန္တလေးတိုင်း ကုန်တင်ယာဉ်အသင်းရဲ့ ပြောဆိုချက်အရ နောင်ချို၊ ဂုတ်တွင်းလမ်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်ဟာ နေ့စဉ်အစီး ၂၀၀ နဲ့ အထက်မှာ ရှိတယ်လို့သိရပါတယ်။

 

“ဒီနေ့ မန္တလေးကနေ အဲဘက်သွားမယ့်ကားတွေကတော့ ခဏရပ်ထားပါတယ်။ အခြေအနေက သဲကွဲမှ ကျနော်တို့ တင်လို့ရမှာလေ။ လောလောဆယ် ကုန်တင်မယ့်ကားကလည်း သွားဖို့ စောင့်ကြည့်နေတုန်းပါပဲ။ ပို့မယ့်ကုန်သည်ကလည်း ကြန့်ကြာမှာစိုးတော့ စောင့်ကြည့်နေတုန်းပါပဲ။” လို့ မန္တလေးတိုင်း ကုန်တင်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးမျိုးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နွားတွေတင်လာတဲ့ကားအချို့ ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရလို့ သေဆုံးသူ၊ ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ နွားကားတွေပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ကျွဲ၊ နွားကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေကနေ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြသွားဖို့ စီစဉ်နေကြသလို အဲဒီလမ်းပိုင်းမှာ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ မန္တလေးကုန်တင်ယာဉ်အသင်းကလည်း အထက်အဆင့်ဆင့် တင်ပြသွားမယ်လို့ သိရပါတယ်။

 

ဒီနေ့ သြဂုတ် ၁၅ ရက်မှာတော့ မနက် ငါးနာရီခွဲဝန်းကျင်ကတည်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံခဲ့ရသလို နောင်ချို၊ ဂုတ်တွင်းလမ်းမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရာက လက်ရှိအချိန်အထိ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။

 

ဒီနေ့ ပစ်ခတ်မှုကတော့ TNLA( တအာင်းလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင်တပ်မတော်) ၊ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့)တို့ဘက်က ပစ်ခတ်တာလို့ TNLA ဘက်က အတည်ပြု ပြောဆိုထားပါတယ်။

 

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ကို လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

 

အခုတိုက်ခိုက်မှုတွေဟာ ကွတ်ခိုင်မြို့နယ်၊ ရခိုင်ပြည်နယ်တွေဘက်မှာ ဖမ်းဆီးဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပေမယ့် TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်ကတော့ တပ်မတော်ဘက်က ထိုးစစ်တွေကြောင့် ပြန်လည်ခုခံကာကွယ်တာပဲလို့ ဆိုပါတယ်။

 

ဓါတ်ပုံ – Ko Nay Ko Nay

#voiceofmyanmar #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW