မန္တလေးဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးခြားထားဖို့ပြင်ဆင်

မန္တလေးဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးခြားထားဖို့ပြင်ဆင်

အောက်တိုဘာ ၁၄-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ အနံ့ပျောက်လူနာတွေ သီးသန့်ထားရှိဖို့ ပြင်ဆင်ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

ဆေးရုံကြီးကိုလာရောက်ပြသတဲ့လူနာတွေထဲက ကိုဗစ်ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာရှိသူတွေကို သံသယလူနာအဖြစ် သီးသန့်စောင့်ကြည့်ရာမှာ အနံ့ပျောက်လူနာတွေမှာ ကိုဗစ်ပိုးတေ့ွရှိမှုများနေတာဖြစ်တယ်လို့ သိရပါတယ်။

“အနံ့ပျောက်လူနာမဟုတ်ဘဲ သံသယလူနာအဖြစ်ထားထားတဲ့သူတွေမှာက ပိုးတွေ့ဖို့ အဲလောက်မများဘူး။ အနံ့ပျောက်သူကတော့ တစ်ရာမှာ ရှစ်ဆယ်လောက်က positive(ပိုးတွေ့ရှိ) ဖြစ်တာတွေ့ရတယ်”လို့ ဒေါက်တာစုစုဒွေးက ပြောပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လာရောက်ကုသသူတွေထဲမှာ ကိုဗစ် ပိုးတွေ့လူနာနဲ့ ဆက်စပ်သူ၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ပြင်းထန်အဆုပ်ရောင်ရောဂါလက္ခဏာရှိသူ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ရောဂါအခံရှိသူတွေဖြစ်ပြီး ပြင်းပြင်းထန်ထန်ဖျားနာသူ၊ အနံ့ပျောက်သူတွေကို ကိုဗစ် ၁၉ သံသယလူနာအဖြစ် ခွဲခြားစောင့်ကြည့်နေတာဖြစ်ပါတယ်။

ကိုဗစ် ဒုတိယလှိုင်းဖြစ်တဲ့ သြဂုတ်လနောက်ပိုင်း စောင့်ကြည့်လူနာများအနက် ၆၆ ယောက်မှာ ကိုဗစ်ပိုးတေ့ွရှိခဲ့ပြီး ၅၆ ယောက်ဟာ အနံ့ပျောက်လက္ခဏာနဲ့ ရောက်ရှိလာသူတွေဖြစ်တယ်လို့ ဒေါက်တာစုစုဒွေးကပြောပါတယ်။

ဒါကြောင့် ဦးနှောက်ခွဲစိတ်ကုသဆောင်ကို အနံ့ပျောက်လူနာတွေ သီးသန့်ထားရှိဖို့ ပြင်ဆင်ထားတာဖြစ်ပြီး လူဦးရေ ၇၀ ခန့်ဆံ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်မှုတွေ လုပ်ဆောင်ရာမှာ အဆင်ပြေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကို စဉ်းစားလုပ်ဆောင်ကြတာဖြစ်တဲ့အတွက် အနံ့ပျောက်လူနာတွေကို သီးခြားထားရှိဖို့လည်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

“အနံ့ပျောက်သူကို အဖျားနည်းနည်းရှိသူနဲ့ ရောထားလိုက်မယ်ဆိုရင် ပိုးကူးစက်မှုနှုန်းက များမယ်။ အနံ့ပျောက်လူနာကို သက်သက်ထားပြီး သူ့ကို swab(နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်)ယူပြီး စစ်လို့ ပိုးတွေ့ရင် တစ်ခါတည်း ဆေးရုံပို့လိုက်ရင် ကူးနိုင်ခြေနည်းသွားတာပေါ့။”လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူတွေကိုတော့ ကန်တော်နဒီဆေးရုံနဲ့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံကြီးကို ပို့ဆောင်ကုသပေးနေတာ ဖြစ်ပါတယ်။

မန္တလေးဆေးရုံကြီးကို နေ့စဉ်လာရောက်ကုသတဲ့လူနာတွေထဲမှာ စောင့်ကြည့်လူနာအဖြစ် အယောက် ၃၀ နဲ့ ၄၀ ကြားရှိတယ်လို့ သိရပြီး သူတို့ကို သီးခြားထားရှိထားကာ နောက်ပိုင်းမှာတော့ အနံ့ပျောက်လူနာတွေကို ပြန်လည်ခွဲခြားထားရှိသွားမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကိုဗစ် #အနံ့ပျောက်လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW