ပြည်ခိုင်ဖြိုးဝန်းရံသူတွေရဲ့ အောင်နိုင်ရေးယာဉ်တန်း မတော်တဆမှုဖြစ် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးမြို့နယ်ခွဲ၊ မုံရွာ – ရေဦး ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာတဲ့ ဆိုင်ကယ် ၂ စီး ယာဉ်တိုက်မှုဖြစ်ရာ လူ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ ခွန်တောင်းကျေးရွာအုပ်စု၊ ပင်စည်ကျေးရွာက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ လူအင်အား ၃၅၀၀ ကျော်ဟာ စိုင်ပြင်ကြီးမြို့နယ်ခွဲဘက်ကို အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှည့်လည်ချိန် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ အဲ့ဒီယာဉ်တန်းကိုလိုက်ပါခဲ့တဲ့ ပါတီဝန်းရံသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

” ပါတီ ဝန်းရံသူ အချင်းချင်း ဆိုင်ကယ်တိုက်မိတာဖြစ်တယ်၊ သေဆုံးသူက ဦးဆေး ဆိုသူဖြစ်တယ် ၊ နောက်ပြီး ကျား ၂ ဦး ၊ မ ၁ ဦး ဒဏ်ရာရတယ် ” လို့ စိုင်ပြင်နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကို စိုင်ပြင်နယ်မြေရဲစခန်းက ယာဉ် (ပ)၆/ ၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ – က/ ၃၃၇ / ၃၃၈ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ယာဉ်တန်းနဲ့ NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတို့ ပဋိပက္ခဖြစ်ပွားရာကနေ လူ ၁ ယောက်သေဆုံးပြီး ဆိုင်ကယ် ၆ စင်းနဲ့ နေအိမ် ၂ လုံး ပြတင်းတံခါးတွေ ပျက်စီးခဲ့တဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #ပြည်ခိုင်ဖြိုး #ယာဉ်မတော်တဆ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW