မြန်မာစီနီကို နီကယ်စက်ရုံထဲမှာ မြန်မာအလုပ်သမားနဲ့ တရုတ်နိုင်ငံသားတွေ ခိုက်ရန်ဖြစ်

အောက်တိုဘာ ၂၉-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာ၊ ဗန်းမော် – မန္တလေး ကားလမ်းဘေးက မြန်မာစီနီကို နီကယ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၂ ယောက်နဲ့ မြန်မာအလုပ်သမား ၁ ယောက်တို့ ခိုက်ရန်ဖြစ်ပွားရာကနေ တရုတ်နိုင်ငံသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” နီကယ်စက်ရုံထဲမှာ ရိုက်ပွဲဖြစ်တာဟုတ်တယ် ၊ ဖြစ်ပွားတဲ့နေ့ရက်နဲ့ အချိန်က အောက်တိုဘာ ၂၆ရက် ညနေ ၅ နာရီ ၄၅ မှာဖြစ်တယ် ၊ ရဲစခန်းကိုလာပြီး အမှုဖွင့်တိုင်တန်းတာက နောက်တနေ့ ည ၁၁ နာရီကျော်မှ ဖြစ်တယ်”လို့ ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့က ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

နီကယ်စက်ရုံရှိ သတ္ထုချော်ထုတ်ဌာနက အဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသား ဟန်လိမင်း (ဗီဇာသက်တမ်းရှိ)သူဟာ ချော်ထုတ်ဌာန နားနေခန်းအတွင်းရှိနေချိန် မြန်မာအလုပ်သမား ကိုအောင်ငြိမ်းထွန်း ဆိုသူရောက်ရှိလာပြီး ဟန်လိမင်းအား ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ထိုးကြိတ်ခံရသူ တရုတ်နိုင်ငံသား ဟန်လိမင်း ဆိုသူဟာ ချော်ထုတ်ဌာန နားနေခန်းထဲကနေ ထွက်ပြေးပြီး နီကယ်စက်ရုံ အလုပ်အဆိုင်း ခေါင်းဆောင် တရုတ်နိုင်ငံသား လီဟုန်းဝေ ( ဗီဇာသက်တမ်းရှိ)ကို သွားရောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အဆိုင်းခေါင်းဆောင် တရုတ်နိုင်ငံသား လီဟုန်းဝေ ဟာ မြန်မာအလုပ်သမား ကိုအောင်ငြိမ်းထွန်းဆီ ရောက်ရှိလာပြီး ပြဿနာရဲ့အခြေအနေကို မေးမြန်းနေချိန် ကိုအောင်ငြိမ်းထွန်းက အနီးရှိ ဂန်းစက်ထိုးရာမှာအသုံးပြုတဲ့ သံတုတ်နဲ့ တရုတ်နိုင်ငံသား လီဟုန်းဝေရဲ့ ခေါင်းကို ရိုက်ခဲ့တာကြောင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ချော်ထုတ်ဌာန နားနေခန်းထဲက ဘီရိုမှန် ၃ ချပ် ၊ ပြတင်တံခါးမှန် ၃ ချပ် ၊ တံခါးမကြီးမှာ တပ်ဆင်ထားတဲ့ မှန်အသေး ၄ ချပ် ၊ အဲယားကွန်း ၁ လုံးနဲ့ ဝှိုက်ဘုတ် ၁ ခုလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလိုဖြစ်စဉ်ကြောင့် နီကယ်စက်ရုံ အလုပ်အဆိုင်းခေါင်းဆောင် လီဟုန်းဝေက ထီးချိုင့်မြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ရဲစခန်းက (ပ)၂၁၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၅ /၃၂၃/၄၂၇အရ ကိုအောင်ငြိမ်းထွန်း ဆိုသူကို အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

” လူမျိုးခြားက ကြီးကြပ်ကွက်ကဲတဲ့ လုပ်ငန်းဆိုတော့ တခါတရံမှာ ဘာသာပြန် နားလည်မှုတွေ လွဲမှားတယ်ရှိတယ် ၊ လုပ်ငန်းသဘောအရ အပြန်အလှန် အလျှော့အတင်းတော့ရှိကြရတယ် ၊ အခုဟာကလည်း မူးလို့ဖြစ်ကြတဲ့ အနေအထားပါ ” လို့ မြန်မာစီနီကို နီကယ်စက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ နီကယ်သတ္ထု ၊ ကြေးနီ သတ္ထု နဲ့ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံမှုတွေဖြစ်ပြီး အလုပ်ရှင်၊အလုပ်သမား ပြဿနာကလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ လဆန်းပိုင်းကလည် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအနီးက ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးကုမ္မဏီတစ်ခုမှာ တရုတ်နိုင်ငံသား တစ်ယောက်ရဲ့အိပ်ခန်းအနီးမှာ ယမ်းထောင်ဖောက်ခွဲခဲ့လို့ တရုတ်နိုင်ငံသား တစ်ယောက် သေဆုံးခဲ့ပြီး အဲ့ဒီ ယမ်းဖောက်ခွဲခဲ့မှုကို ရဲတပ်ဖွဲ့က တရားခံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့် #နီကယ်စက်ရုံ #ခိုက်ရန်ဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW