ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ရှေ့မှာ ကခုန်နေတဲ့ NLDပါတီဝန်းရံသူ အရိုက်ခံရ

အောက်တိုဘာ ၂၉-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာယာကျေးရွာမှာ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက NLDပါတီဝန်းရံထောက်ခံသူနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတို့ ရိုက်ပွဲဖြစ်ခဲ့ပြီး NLD ဝန်းရံထောက်ခံသူ တစ်ယောက် အပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အောင်သာယာကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့က မျက်နှာချင်းဆိုင်နေရာမှာ စိုက်ထူထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ရှေ့မှာ NLDဝန်းရံသူတစ်ဦးက ကခုန်ခဲ့တာကစပြီး ရိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

” NLDပါတီ ဝန်းရံထောက်ခံသူ ဦးမောင်အေး(ခ) အေးသန်း ကို ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ ကိုသောင်းနိုင် နဲ့ ကိုဇော်ထွေးတို့က ပါတီဆိုင်းဘုတ်ရှေ့မှာ မကဖို့ တားမြစ်ခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တယ် ၊ အခု အမှုဖွင့် အရေးယူထားတယ်”လို့ ထီးချိုင့်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အောက်တိုဘာ ၂၇ မနက်ပိုင်းက အောင်သာယာကျေးရွာထဲမှာ NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံရေးပြုလုပ်နေချိန် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတစ်ယောက်က သူရဲ့အိမ်ရှေ့လမ်းကို လာရောက်ခြင်းမပြုလုပ်ဖို့နဲ့ လာရောက်ခဲ့ရင်လည်း ဓားမနဲ့ ခေါင်းဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုဟန့်တားခဲ့တဲ့အတွက် NLDပါတီ ဝန်းရံထောက်ခံသူတွေက လူစုခဲွဲပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ရပ်နားခဲ့ရတယ်လို့ အဲ့ဒီမဲဆွယ်မှုကို ဦးဆောင်ခဲ့တဲ့ ဒေါ်နိုင်နိုင်မော်က ရဲစခန်းမှာ သက်သေထွက်ဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ညနေပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ ၂ ယောက်နဲ့ NLD ပါတီ ဝန်းရံထောက်သူ ၁ ယောက်တို့ဟာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ရှေ့မှာ ခိုက်ရန်ဖြစ်ပွားပြီး လက်သီးနဲ့ထိုး လောက်လေးခွနဲ့ ပစ်ခတ်တာကြောင့် NLD ပါတီ ဝန်းရံထောက်ခံသူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူကို ထီးချိုင့်မြို့မရဲစခန်းက ထီးချိုင့်ပြည်သူ့ဆေးရုံမှာ ဆေးကုသနိုင်ဖို့ ကူညီပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ ၂ ယောက်ကို ထီးချိုင့်မြို့မရဲစခန်း (ပ) ၂၁၃ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၅/၅၀၆/၁၁၄ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW