မှားပြီးထုတ်ပေးထားတဲ့ မဲလက်မှတ်တွေကို ပယ်မဲသတ်မှတ်ပြီး မဲလက်မှတ်အသစ်နဲ့ ပြန်လည်ကောက်ခံ

နိုဝင်ဘာ ၂-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာမှာ တိုင်းဒေသကြီးမဲဆန္ဒနယ် မဲလက်မှတ်‌တွေကို မှားယွင်းထုတ်ပေးမိတာကြောင့် ကြိုတင်မဲပေးခဲ့သူ ၁၇၀ ဦးကျော်ရဲ့ မဲတွေကို ပယ်မဲအဖြစ်သတ်မှတ်ပြီး အစားထိုးဆန္ဒမဲတွေ ပြန်လည်ကောက်ခံနေရတယ်လို့သိရပါတယ်။

ချောင်းဖျားကျေးရွာမှာ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၁ ထဲပါဝင်ပေမယ့် ကြိုတင်မဲ ကောက်ခံသူတွေက ဆန္ဒမဲလာပေးသူတွေကို တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၂ မဲလက်မှတ်တွေနဲ့ မှားယွင်းထုတ်ပေးမိခဲ့တာဖြစ်ပါတယ်။

” အခုလို ဆန္ဒမဲလက်မှတ်တွေ မှားယွင်းနေတာကို အောက်တိုဘာ ၃၁ ရက်က သိရှိခဲ့တာဖြစ်ပါတယ်။ မဲဆန္ဒရှင်လက်မှတ် စာအုပ်တွေမှာကိုက မှားနေတာဖြစ်ပါတယ်။ အဖုံးမှာက ၁ လို့ရေးထားပြီးတော့ အထဲမှာက ၂ ကဟာတွေ ဖြစ်နေတာဖြစ်ပါတယ်’လို့ ဧရာဝတီတိုင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်-၁ က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသက်ဦးက ပြောပါတယ်။

မဲလက်မှတ်မှားယွင်းပြီး ကြိုတင်မဲယူထားတဲ့ မဲဆန္ဒရှင် (၁၇၁) ဦးကို စာရင်းအတိုင်းကြိုတင်မဲတွေ ပြန်လည်ကောက်ခံနေတယ်လို့ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

‘တိုင်းဒေသကြီး မဲဆန္ဒနယ် လွဲနေတဲ့ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲပေးတဲ့သူ ၁၇၁ ဦးက မဲပေးပြီးတဲ့အချိန်မှာသိရှိခဲ့ရပါတယ်၊ မှားယွင်းတဲ့ မဲလက်မှတ်တွေကို ပယ်မဲအဖြစ်သတ်မှတ်ခဲ့ပါတယ်၊ ပယ်မဲအဖြစ် ဆုံးဖြတ်ချက်ချပြီးတော့ လက်မှတ်ထိုးကြပါတယ်၊ အခုက မဲဆန္ဒနယ် (၂)ကြီးကို မဲဆန္ဒနယ် (၁)ထဲကို ထည့်ထားတာဖြစ်ပါတယ်၊ ပယ်မဲ အဲ့ဒီမှာ ထည့်ထားတဲ့ ၁၇၁ ယောက်ကို အားလုံး မဲဆန္ဒနယ် အမှတ် (၁) မဲနဲ့ ပြန်ပြီးတော့ ကောက်နေပါတယ်”လို့ ရေကြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

အခုလို မဲလက်မှတ်တွေ မှားယွင်းတာဟာ မဲလက်မှတ်စီစဉ်တဲ့ ကုမ္ပဏီကနေ မှားယွင်းတာဖြစ်ပြီး ရေကြည်မြို့နယ်နဲ့အခြားနေရာများတွေမှာလည်းရှိနိုင်တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နဲ့ (၂) နေရာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ကရင်ပြည်သူ့ပါတီတွေက ကိုယ်စားလှယ်လောင်း ၄ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည် #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW