ပြည်ထောင်စုနေ့စဉ် သတင်းထောက် အမျိုးသမီးတစ်ဦး ကြိုတင်ဆန္ဒမဲပေးတာကို နှောက်ယှက်တယ်ဆိုပြီး အမှုဖွင့်ခံရ

နိုဝင်ဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ်အခြေစိုက် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ သတင်းထောက်အမျိုးသမီးတစ်ဦးကို ကြိုတင်မဲဆန္ဒပေးနေသူနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ကို အနှောက်ယှက်ပေးတယ်လို့ဆိုပြီး ဇောင်းတူနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ဇောင်းတူကျေးရွာ ရပ်ကျေးကော်မရှင်ရုံးခွဲကနေ သိရပါတယ်။

” အောက်တိုဘာ၂၉ ရက်နေ့က လက်ပံရွာက မဲဆန္ဒရှင်တစ်ဦး မဲပေးရာမှာ မိသားစုဝင်မရှိလို့ မဲလိုက်ကောက်တဲ့ တာဝန်ရှိသူ ကူညီတာကို ဒီလိုလုပ်လို့မဘူးဆိုပြီး ဝင်တားတယ်။ ဗီဒီယိုရိုက်တဲ့အပြင် နောက်ကတစ်ကောက်ကောက်လိုက်ပြီး နှောင့်ယှက်လို့ အမှုဖွင့်လိုက်တာပါ”လို့ ဇောင်းတူကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်ကပြောပါတယ်။

ပဲခူးမြို့၊ ဇောင်းတူကျေးရွာအုပ်စု၊ လက်ပံကျေးရွာကို ကျေးရွာရွေးကောက်ပွ‌ဲကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေနဲ့ မဲရုံမှူးတွေ ရောက်ရှိနေချိန် အသက်၆၀ နဲ့အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသမီးကြီးတစ်ဦးဟာ မိသားစုမရှိတာကြောင့် ရပ်ကျေးအဆင့် မဲရုံတာဝန်ရှိသူ ဆရာမတစ်ဦးက မဲလက်မှတ်ပေါ်ကို UEC တံဆိပ်တုံးထုပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုပြင်ဆင်နေတဲ့နေရာကို ရောက်ရှိနေတဲ့ ပြည်ထောင်စုနေ့စဉ် သတင်းထောက် အမျိုးသမီးဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး တားမြစ်ခြင်း၊ ဆန္ဒမဲပေးသူတွေကို ဓါတ်ပုံ၊ဗီဒီယို ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ ဇောင်းတူနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အခင်းဖြစ်နေ့က အမေကြီးတစ်ဦးက လက်တုန်ခြေတုန်ဖြစ်နေလို့ကူညီခဲ့တာပါ။ နှစ်စောင်ပြီးလို့ တတိယစောင်မှာ သူရောက်လာပြီး လက်ထောက်ပြတယ်လို့အော်တာဖြစ်‌ပေမယ့် လက်‌ဗွေနှိပ်ရမယ့်နေရာမှာ ပြနေတာဖြစ်ပါတယ်”လို့ မဲရုံအမှတ်‌ ၄ (ဇောင်းတူ)မဲရုံမှူး ဒေါ်မင်းမင်းဇော်ကပြောပါတယ်။

ပြည်ထောင်စုနေ့စဉ်သတင်းထောက်ဟုဆိုသူ ဒေါ်ချိုချိုမာကလည်း လက်ပံရွာကို ရောက်ရှိနေချိန် ကြိုတင်ဆန္ဒမဲပေးရမယ့် အမျိုးသမီးကြီးတစ်ဦးကို မဲလိုက်ကောက်ခံနေတဲ့ ဆရာမတစ်ဦးက ဘယ်ပါတီကို မဲပေးမှာလည်းလို့ မေးမြန်းချိန် သူချစ်တဲ့ပါတီကို မဲပေးမယ်လို့ပြောဆိုတာကို အဲ့ဒီဆရာမက NLD ပါတီကို‌ လက်နဲ့ထောက်ပြပြီး တံဆိပ်တုံးထုရိုက်လိုက်တာကြောင့် မှတ်တမ်းယူခဲ့ခြင်းသာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်လို့ သတင်းထောက်အမျိုးသမီးဆိုသူကို ဇောင်းတူနယ်မြေ ရဲစခန်းမှာ (ပ)၁၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၃/၁၈၆ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – ဦးမျိုး
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW