နမ့်ဆန်မှာ မိမိကိုယ်ကို သစ်ဖြတ်လွှနဲ့ သတ်သေမှုဖြစ်ပွား

နိုဝင်ဘာ ၄-၂၀၂၀
နေနန်းနွယ် (VOM)

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်၊ နမ့်ဆန်မြို့အဝင် တပေါင်းပွဲခင်း လေယာဉ်ကွင်းအနီးမှာ ဒီကနေ့ မနက်(၆)နာရီဝန်းကျင်က အမျိုးသားတစ်ဦး သစ်ဖြတ်လွှနဲ့ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ သူက သစ်ဖြတ်အလုပ်ကို နားထားတာ(၁၀)ရက်ကျော်ရှိပြီ၊ ခုတလော သူက စိတ်သိပ်မပျော်ဘူးလို့ပြောတယ်။ ကျမတို့ သူ့အတွက် ဗေဒင်ကြည့်ပေးသေးတယ်။ ကျတို့မိသားစုနဲ့ စကားများထားတာလည်း မရှိဘူး၊ ဒီမနက်ကျတော့ သူက အိမ်ကနေထွက်သွားတာ (၃)နာရီကျော် (၄)နာရီဝန်းကျင် လောက်ထင်တယ်။ သူထွက်သွားတဲ့အချိန် ကျမ မသိလိုက်ဘူး၊ ကျမနိုးတော့ သူမရှိတော့ဘူး၊ အဲတာနဲ့ ကျမက ယောက္ခမဆီကို ဖုန်းဆက်အကြောင်းကြားပြီး ကျမတို့လိုက်ရှာကြတာပေါ့။ သူက ညောင်ပင်သာရွာဘက်မှာ အလုပ်သွားလုပ်ဖူးတော့ ကျမက အဲ့ဒီဘက်မှာ သွားရှာတယ်။ ကျမတို့ ယောက္ခမက သူ့ကိုလိုက်ရှာရင်း အခုတွေ့တဲ့နေရာမှာ သူဒီလိုဖြစ်နေတာတွေ့ရတာပါ” လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

ဒီကနေ့မနက် (၃)နာရီခွဲဝန်းကျင်က မန်ခိုက်ရပ်ကွက် (ကွက်သစ်)ရွာမှာနေတဲ့ အသက် ၄၆နှစ်အရွယ် အမျိုးသားဟာ နေအိမ်ကနေ ထွက်ခွာသွားတဲ့အတွက် မိသားစုက လိုက်ရှာခဲ့ရာ မနက်(၆)နာရီဝန်းကျင်ခန့်မှာ အဲ့ဒီအမျိုးသားကို တပေါင်းပွဲခင်း လေယာဉ်ကွင်းအနီး ဘုရားကုန်းသွားရာ လမ်းလယ်ခေါင်တွင် သစ်ဖြတ်လွှနဲ့ လည်ပင်းပြတ်ရှဒဏ်ရာရပြီး သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အရင်က သစ်ဖြတ်လွှနဲ့ တပိုင်တနိုင်သစ်ဖြတ်တဲ့အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ပြီး အသောက်အစားမရှိသူလည်းဖြစ်တယ်လို့ သိရပါတယ်။

သေမှုသေခင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မန်ခိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက်စစ်ဆေးမှတ်တမ်းယူပြီး ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နမ့်ဆန် #သစ်ဖြတ်လွှ #မိမိကိုယ်ကိုသတ်သေ

Related posts

Leave a Comment

VOM News

FREE
VIEW