ကြိုတင်ဆန္ဒမဲလက်မှတ်တွေ မှားယွင်းထုတ်ပေးမှုအပေါ် ပယ်မဲသတ်မှတ်ဖို့ ပါတီ ၅ခုကတင်ပြခဲ့

နိုဝင်ဘာ ၅-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စုမှာ မနေ့ အောက်တိုဘာ ၄ ရက်နေ့က ကြိုတင်ဆန္ဒမဲလက်မှတ်တွေ မှားယွင်းထုတ်ပေးမှုအပေါ် ပါတီအချို့က ပယ်မဲအဖြစ်သတ်မှတ်ပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ကြိုတင်ပေးရတဲ့ မဲဆန္ဒရှင် ၄၉ ဦးက လွှတ်တော် ၃ရပ်ဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်၊အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော် ကြိုတင်မဲလက်မှတ်တွေ ဖြစ်ရမယ့်အစား ဆန္ဒမဲလက်မှတ်ပေါင်း ၁၄၇ စောင်က အမျိုးသားလွှတ်တော်ဆန္ဒမဲတစ်မျိုးတည်းကို မှားယွင်းစွာထုတ်ပေးမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပြုလုပ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီကလည်း မဲဆန္ဒရှင်တွေ အခွင့်အရေး မဆုံးရှုံးစေဖို့အတွက် ပြန်လည်မဲပေးနိုင်ဖို့ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဥပဒေနဲ့အညီဆောင်ရွက်သွားဖို့နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကလည်း ပယ်မဲလည်းမဟုတ်၊ ပျက်မဲလည်းမဟုတ် ဥပဒေအပြင်ရောက်နေတဲ့ဆန္ဒမဲဖြစ်နေတဲ့အတွက်ကြောင့် ပယ်ဖျက်သင့်ကြောင်းဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင် PPPပါတီကလည်း အသဲကြားက မဲတစ်ပြားသာရှိပြီး နှစ်ပြားမရှိတဲ့အတွက် ဥပဒေနဲ့အညီ ဆန္ဒမဲပေးခဲ့ပြီဖြစ်တဲ့အတွက် ပယ်မဲအဖြစ်ထားသင့်တယ်လို့ ဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

”တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မြေမှာ အသက်(၆၀)နှစ် အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ရေးအတွက် ပေါက်ကုန်းစွန်းကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်ကပြောပါတယ်။

အမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်တစ်မျိုးထဲကိုသာ လူတစ်ဦးကို ၃ စောင်ထုတ်ပေးခဲ့ပြီး ကြိုတင်မဲဆန္ဒရှင် ၄၉ ဦးရဲ့ ဆန္ဒမဲလက်မှတ် ၁၄၇စောင်ကို ကြိုတင်ဆန္ဒမဲပုံးထဲ တစ်ခုတည်းကို ထည့်ထားခဲ့ကြတာဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ဆန္ဒမဲလက်မှတ်တွေစစ်ဆေးခဲ့ပြီးအဲ့ဒီကြိုတင်ဆန္ဒမဲပုံးကို သီးသန့်ထားရှိကာ ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

”ဆန္ဒမဲကောက်ယူတာကို ဆက်လုပ်နေပါတယ်၊ ပါတီတွေနဲ့လည်း ညှိနှိုင်းလုပ်ဆောင်ခဲ့ပါတယ်၊ အကြုံပြုချက်တွေအတိုင်း လုပ်ဆောင်နေပါတယ်”လို့ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်ကပြောပါတယ်။

မြန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမျိုးသားလွှတ်တော် ဆန္ဒမဲတစ်မျိုးထဲ ကြိုတင်ဆန္ဒမဲပုံးထဲကို ထည့်ထားမှုအပေါ် နိုင်ငံရေးပါတီ ၅ ခု နဲ့ သဘောထားရယူဆွေးနွေးခြင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြန်အောင် #ကြိုတင်မဲ #မှားယွင်းပေးမှု #ပယ်မဲသက်မှတ်ဖို့ #ပါတီအချို့တင်ပြ

Related posts

Leave a Comment

VOM News

FREE
VIEW