ကြိုတင်မဲလိုက်ကောက်တဲ့သူ ၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

နိုဝင်ဘာ ၅-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပုသိမ်မြို့၊ အမှတ်-၁ ရပ်ကွက်မှာ ကြိုတင်မဲလိုက်လံကောက်ခဲ့တဲ့ မဲရုံမှူးအပါအဝင် ၇ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်လွင်ကပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က အမှတ်-၁ ရပ်ကွက်မှာ အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲလိုက်ကောက်ခဲ့တဲ့အထဲက မဲဆန္ဒရှင် အဘိုးအိုတစ်ဦးမှာ ဓာတ်ခွဲစစ်ဆေးမှုအရ ကိုဗစ်ပိုးရှိကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့မှာပဲ ကြိုတင်မဲကောက်ခဲ့တဲ့သူတွေကို ဟုမ်းစတေးနေထိုင်ဖို့ ညွှန်ကြားခဲ့ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းကို နိုဝင်ဘာလ ၄ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီသတင်းက ညထဲက ကျနော်တို့ပုသိမ်ကျန်းမာရေးဌာနက သတင်းရပါတယ်။ မြို့နယ်ဥက္ကဋ္ဌနဲ့ညှိနှိုင်းပြီးတော့ အဲ့ဒီဆရာ၊ ဆရာမတွေနေရာကို အစားထိုးပြီးပါပြီ။ နဂိုထဲက ကျနော်တို့က သင်တန်းတစ်ခုမှာ ဒီလိုဖြစ်တယ်ဆိုရင် လုပ်ဖို့ ရံထားတာရှိပါတယ်။ လက်ရှိဖြစ်သွားတဲ့ ဆရာမတွေနေရာမှာ အစားထိုးပြီးပြီ။ ကျန်းမာရေးပိုင်းဆိုင်ရာကိုတော့ ကိုဗစ်ကော်မတီကနေ ဆက်လုပ်ပါလိမ့်မယ်”လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်ကပြောပါတယ်။

မဲရုံမှူးအပါအဝင် ကြိုတင်မဲကောက်ခံခဲ့သူ ၇ ဦးမှာပိုးတွေ့ရှိပြီးနောက် မဲရုံနဲ့ပတ်သက်ပြီး ကော်မရှင်မှာတာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေကိုတော့ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကျန်းမာရေးပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုကိုတော့ မြို့နယ်ကိုဗစ်ကော်မတီနဲ့ ခရိုင်၊ တိုင်း ကိုဗစ်ကော်မတီတွေက ဆက်လက်စီစဉ်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်မြို့၊ အမှတ်-၁ ရပ်ကွက်မှာ မဲရုံပေါင်း ၁၂ ရုံ၊ မဲပေးနိုင်သူ ၁သောင်း ၆ထောင် ကျော်ရှိပြီး အဲ့ဒီအထဲမှာ အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ကြိုတင်မဲကောက်ခံသူ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW