ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့က ရခိုင်လူမျိုးတွေ ကြိုတင်ဆန္ဒမဲပေးခွင့်မရ

နိုဝင်ဘာ ၅-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ရခိုင်လူမျိုးတွေအနေနဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေ
းရာကိုယ်စားလှယ်လောင်းကို ကြိုတင်မဲပေးခွင့်မရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့မှာပဲ စာတင်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက VOMကိုပြောပါတယ်။

“၂၀၁၅တုန်းကလည်း မဲပေးရတယ်။ အခုမှ မပေးရဘူး ဒါက မဲပေးမယ့်ပြည်သူတွေနဲ့မဆိုင်ဘူး ကော်မရှင်နဲ့ပဲဆိုင်တာ သူတို့ဘယ်လိုဖြေရှင်းပေးမလဲကြည့်ရမယ်”လို့ ဒေါ်ထုမေကပြောပါတယ်။

အသက်၆၀နဲ့အထက် ကြိုတင်ဆန္ဒမဲပေးရာမှာ ရန်ကုန်တိုင်းရှိ လှိုင်သာယာနဲ့ သန်လျှင်မြို့နယ်တို့မှာ ကြိုတင်မဲပေးရာတွင် ရခိုင်လူမျိုးအတွက် မဲမပါလာတဲ့အတွက် ရခိုင်တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံးတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်
ပြထားတဲ့စာမှာ ဖော်ပြထားပါတယ်။

လှိုင်သာယာ၊၇ရပ်ကွက်ရှိ ကြိုတင်မဲပေးခွင့်မရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ ဒေါ်အေးခိုင်ဖြူကတော့ “အဖေလည်းရခိုင် အမေလည်းရခိုင် မှတ်ပုံတင်ထဲမှာလည်း ရခိုင်လို့လည်းရေးထားတယ်၊ ဒီနေ့မဲပေးတော့ ရခိုင်တိုင်းရင်းသားရေးရာမှာ မဲမပေးရဘူး၊ မပါလို့ စောင့်ကြည့်ရမယ်၊ မဲပေးရမှာလား မပေးရဘူးလား”လို့ VOMကို ပြောပါတယ်။

ရခိုင်တိုင်ရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ကြိုတင်မဲမပေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစိုးမင်းပြောပြတာက “ရခိုင်မဲစာရင်းမှာပါရင်ပေးရမှာပေါ့၊ တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းက မှတ်ပုံတင်နဲ့ကြည့်ခြင်း ဆုံးဖြတ်တာ၊ မှတ်ပုံတင်မှာ ရခိုင်လူမျိုးဆိုပေးရမှာ ၊ မဲစာရင်းမပါရင် လျှောက်ထားရမယ်။ မပါတာကို မလျှောက်ထားရင်တော့ မဲပေးလို့မရတော့ဘူး”လို့ VOMကိုရှင်းပြပါတယ်။

အဲ့ဒီကိစွနှင့်ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမောင်မောင်တင်ကလည်း “လတ်တလောတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီတော့ တက်မလာပါဘူး၊ မြို့နယ်က သတင်းမတက်လာသေးတာပါ”လို့ VOMကိုပြောပါတယ်။

ရန်ကုန်တိုင်းမှာ ရခိုင်လူမျိုးတွေ မဲပေးခွင့်အမြန်ဆုံးရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် အခုလို လက်မှတ်ရေးထိုးပြီး စာတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းရှိ မြိုနယ်(၄၅)မြို့နယ်မှာ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ ရခိုင်တိုင်းရင်းသား (၁၁၀၉၄၇)ရှိတယ်လို့ ဒေါ်ထုမေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရခိုင်တိုင်းရင်းသား #မဲပေးခွင့်ဆုံးရှုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW