ကွာရန်တင်းဝင်နေတဲ့ ဘိုးဘွားရိပ်သာက အဖိုး၊အဖွားတွေ ကိုယ်တိုင်တံဆိပ်တုံးထုနှိပ်ပြီး ကြိုတင်မဲပေးခွင့်မရရှိခဲ့

နိုဝင်ဘာ ၆-၂၀၂၀
သိင်္ဂီထွန်း (VOM )

ပြည်မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မနက်ပိုင်းကနေစပြီး ကျန်းမာရေးမကောင်းသူတွေ ၊ ဘိုးဘွားရိပ်က ဘိုးဘွားတွေ၊ ကွာရန်တင်းဝင်နေသူတွေကို နေထိုင်ရာအရောက် ကြိုတင်မဲတွေ လိုက်လံကောက်ခံနေပြီဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ ဘိုးဘွားရိပ်သာက အဖိုး၊အဖွား နဲ့ ကွာရန်တင်း ဝင်နေရသူတွေကတော့ ဆန္ဒမဲထည့်ချင်တဲ့ ပါတီကိုသာ ရွေးချယ်ပေးရပြီး တံဆိပ်တုံးထုနှိပ်ခြင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးတာကိုတွေ့ရပါတယ်။

ခုလိုလုပ်ဆောင်တာဟာ ကိုဗစ်ရောဂါကူးစက်မှုမရှိစေရေး ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ပြုလုပ်တာဖြစ်ကြောင်းနဲ့ ၊ ရွေးချယ်မှုကိုတော့ ကာယကံရှင် မဲဆန္ဒရှင်စိတ်ဆန္ဒအတိုင်းသာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့က ကွာရန်တင်းထဲမှာပါတဲ့ မဲပေးသူ မဲစာရင်းယူလာတယ်။ မဲလက်မှတ်ကိုဖြတ်တယ်။ အထဲက တာဝန်ရှိတဲ့သူကို မဲလက်မှတ်အပ်လိုက်ရတယ်။ သူတို့လည်း အထဲမှာ ရောဂါကူးစက်မှုမရှိအောင်လုပ်ထားတာတွေ့ရတယ်။ ရုံးမှာ ကော်မရှင်အဖွဲ့ဝင်တွေရှိတယ်၊ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေရှိတယ်၊ လုံခြုံရေးတွေလည်းရှိတယ်။ အဲ့ဒီအထဲမှာပဲ ြ ကိုတင်မဲယူနေတဲ့ဟာတွေလည်းရှိတယ်။ ဒီမဲပုံးကို သီးခြားထားမှာပါ။ တခြားမဲပုံးတွေနဲ့ မရောပါဘူး”လို့ ပြည်မြို့၊ သန္တာဆောင်က ကွာရန်တင်းစခန်းကို ကြိုတင်မဲလာရောက်ကောက်ခံခဲ့တဲ့ ပြည်သာယာရပ်ကွက် မဲရုံ-၂ မှ ကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင်ကပြောပါတယ်။

ပြည်မြို့မှာတော့ အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုပေါင်း ၃သောင်း ကျော်ရှိပြီး ကျန်းမာရေးကောင်းတဲ့သူတွေကတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကတည်းက ရပ်ကွက် မဲရုံတွေမှာ ကြိုတင်မဲပေးခဲ့ကြသလို ကျန်းမာရေးအရ မဲရုံကို မလာရောက်နိုင်သူတွေကိုတော့ ဒီကနေန့ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ အိမ်အရောက် လိုက်လံကောက်ခံမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည် #ကွာရန်တင်းဝင်အဖိုးအဖွား #မဲတံဆိပ်တုံး #ကိုယ်တိုင်ထုနှိပ်ခွင့်မရ

Related posts

Leave a Comment

VOM News

FREE
VIEW