မင်းဘူးခရိုင်မှာ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှု ပထမဆုံးဖြစ်ပွား

နိုဝင်ဘာ ၆-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပြည်သူ့ဆေးရုံမှာ Covid19ကြောင့် လူသေဆုံးမှု ပထမဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူဟာ အသက်၇၉နှစ်အရွယ်အမျိုးသားကြီးတစ်ဦးဖြစ်တယ်လို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ကပြောပါတယ်။

”မနေ့က ညနေပိုင်း ဆေးရုံလာတက်တာပါ၊ ညပိုင်းရောက်တော့ ဆုံးသွားတယ်၊
အဆုတ်ကင်ဆာ၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါအခံရှိတယ်၊ သံသယရှိတဲ့အတွက် စစ်ကြည့်တဲ့အခါ Coid 19ရောဂါပိုးတွေ့တယ်”လို့ ဒေါက်တာတင့်ခိုင်ကပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားကြီးဟာ မင်းဘူးစကုမြို့နယ်ထဲကဖြစ်ပြီး မိသားစုက ခရီးသွားရာဇဝင်ရှိသူဖြစ်ကာ မနေ့ နိုဝင်ဘာ ၅ရက်ညပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းမှာ ဒေသတွင်းကူးစက်မူရှိနေတာကြာပြီလို့ ယူဆရကြောင်းနဲ့ ပိုးတွေ့ရှိတဲ့မြို့တွေအားလုံးမှာ ဒေသတွင်းကူးစက်မှုရှိနေတယ်လို့ ယူဆတဲ့အတွက် ပြည်သူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိကျစွာလိုက်နာကြဖို့ လိုအပ်ကြောင်း မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက နှိုးဆော်ထားတာလည်း ရှိပါတယ်။

”အခုဆေးရုံမှာရှိတဲ့လူနာ(၃)ဦးကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်၊ အသက်(၃၀)ပတ်ဝန်းကျင်တွေဖြစ်တယ်၊ ညကသေဆုံးသူက အသက်လည်းကြီးပြီ ရောဂါအခံလဲရှိ၊ ပိုးကလည်းတွေ့တယ်၊ ဒီအသက်အရွယ်တွေက ဘယ်မှသွားကြတာမဟုတ်ဘူး၊ မိသားစုထဲက ခရီးသွားရာဇဝင်ရှိလို့ အဘိုးအိုကို ကူးစက်တာဖြစ်နိုင်တယ်”လို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ကပြောပါတယ်။

မင်းဘူး၊စကုမြို့နယ်အတွင်းမှာ Covid-19ရောဂါပိုးတွေ့လူနာ စုစုပေါင်း(၆၄)ဦး၊ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံကဆင်းခွင့်ရသူ(၆၀)ဦး၊ လက်ရှိဆေးရုံတက်ရောက်ကုသနေသူ (၃)ဦးနဲ့ သေဆုံးသူ(၁)ဦးတို့ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းဘူး #ကိုဗစ်လူနာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW