ချောက်မြို့နယ်မှာ ရပ်ကျေးရွေး/ကော်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို မဲရုံကိုယ်စားလှယ်တစ်ဦးက အမှုဖွင့်

ချောက်- နိုဝင်ဘာ ၇ -၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာရှိ မဲရုံကိုယ်စားလှယ်တစ်ဦးကနေ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ- ၅၉(က)/၆၀ နဲ့ နိုဝင်ဘာလ ၅ ရက်နေ့က စလေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ကြိုတင်မဲပေးရတဲ့ တံဆိပ်တုံးဟာ မှင်စွပ်ရန်မလို(လေဆာတံဆိပ်တုံး)ဖြစ်နေတဲ့အတွက် လျှို့ဝှက်ဆန္ဒမဲပေးတဲ့နေရာမှာ မှင်စွပ်ဘူးမထားဖို့(Ink Pad) ကော်မရှင်ကို တောင်းဆိုခဲ့ပေမယ့်လည်း မဲရုံကော်မရှင်ဥက္ကဋ္ဌ ဦးစိုးခိုင်နဲ့ ကော်မရှင်အတွင်းရေးမှူးဦးအေးချမ်းပြည့်တို့က လိုအပ်လို့ထားတာပါလို့ပြောပြီး သိမ်းဆည်းခြင်းမရှိခဲ့တဲ့အတွက် မဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့လို့ တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

”ရဲစခန်းမှာအမှုဖွင့်တာ ဟုတ်ပါတယ်၊ အချက်၃ချက်ပါ၊ တခုက မလိုအပ်ဘဲ လေဆာတံဆိပ်တုံးကို အင့်ပက်ထားတာ၊ နောက်တခုက မဲစာရွက်ရဲ့ အခြားအကွက်မှာ မှင်စွန်းသွားတာကို မဲဆန္ဒရှင်က လဲပေးဖို့တောင်းဆိုတာကို လဲမပေးတာ၊ နောက်ဆုံးအချက်က မဲဆန္ဒရှင်တွေရှေ့မှာ ကျနော်ဆိုဘယ်သူ့မှမကြိုက်လို့ ဘယ်သူ့မှမဲမပေးဘူးလို့ကော်မရှင်အနေနဲ့ပြောတာတွေကို တိုင်တာပါ”လို့ ဆားလယ်ကျေးရွာမှာနေထိုင်တဲ့ တိုင်ကြားသူ ဦးအောင်လွင်ကပြောပါတယ်။

ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးခိုင်ပြောတာက”ဟုတ်တယ် အဲ့ဒါကဖျန်ဖြေပေးလို့မရဘူး၊ တဖက်က လက်မခံဘူးပေါ့၊ လတ်တလော အတွင်းရေးမှူးနေရာမှာအခြားသူတစ်ဦး အစားထိုးထားတယ်”လို့ပြောပါတယ်။

ချောက်မြို့နယ်မှာ အောက်တိုဘာ၂၉ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း(၂၁၂)မဲ ရှိတယ်လို့ သိရပါတယ်။

ချောက်မြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက သတင်းထောက်ကဒ်ကိုင်ဆောင်ပြီး မဲရုံဝင်ထွက်နေတဲ့အတွက် တိုင်တန်းမှုဖြစ်စဉ်တခုလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ချောက် #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW