စစ်တွေမှာ ကြိုတင်မဲအငြင်းပွားမှုဖြစ်ပြီး ကြိုတင်မဲ (၃၀၀) ကျော်ပယ်ဖျက်ခံရ

နိုဝင်ဘာ ၇- ၂၀၂၀
ထက်အောင်စိုင်း(VOM)

စစ်တွေမြို့နယ်အတွင်း၊ ကြိုတင်ဆန္ဒမဲပေးရာမှာ အငြင်းပွားမှုတချို့ ရှိနေပြီး ပေးပြီးသားကြိုတင်မဲ ၃၀၀ကျော်ကို ပယ်ဖျက်ထားတယ်လို့ စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

နိုဝင်ဘာ (၅) ရက်နေ့က အမြင့်ကျွန်းကျေးရွာမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးက ကြိုတင်ဆန္ဒမဲပေးနေချိန် မဲလက်မှတ် ၁၅ ခုလောက်မှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စားပြု ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုဝင်းနေရာမှာ ကြိုတင်ပြီး တံဆိပ်တုံးရိုက်နှိပ်ထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အခုလို မဲလက်မှတ်စာရွက်ပေါ်မှာ တံဆိပ်တုံး ကြိုတင်ရိုက်နှိပ်ထားတာကို သိရချိန်မှာတော့ ကြိုတင်မဲပြား (၃၀၀) ကျော်လောက်ပေးထားပြီးသားဖြစ်နေတယ်လို့ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၆ ရက်နေ့က အဲ့ဒီ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ကော်မရှင်တွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ စစ်တွေမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ မဲလက်မှတ်အပေါ်မှာ မဲပေးသလိုမျိုး တံဆိပ်တုံးထုထားပြီးသားဖြစ်နေတာဟာ ရွေးကောက်ပွဲအနေနဲ့ မသမာမှုတစ်ခုဖြစ်နေတယ်။ တရားမျှတမှုလည်း မရှိဘူး။ မဖြစ်သင့်တဲ့ ကိစ္စလည်း ဖြစ်တဲ့အတွက် ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင်ကို စာတင်သွားမယ်ဆိုပြီးတော့ အမြင့်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောခဲ့ပါတယ်။ မဲပေးပြီးသားအနေအထားတွေ့ရတဲ့အခါ ကော်မရှင်နေနဲ့ ဘာပဲဖြစ်ဖြစ် မဖြစ်သင့်တဲ့ကိစ္စမှာ ဂရုပြုတဲ့အခါမှာ အားနည်းချက်ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အခုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ပေးထားပြီးမဲတွေမှာလည်း တရားမျှတမှုနဲ့ မှန်ကန်တဲ့ မဲတွေဖြစ်လာမယ်ဆိုတာကိုတော့ အခုသက်သေ သာဓကအရ ကျနော်တို့မယူဆဘူး။ ကျနော်တို့အနေနဲ့ ပေးထားပြီးမဲလက်မှတ် (၃၀၀) ကျော်လောက်ကိုလည်း လက်မခံဘူးလို့ ကျနော်တို့သက်ဆိုင်ရာ အမြင့်ကျွန်းရွာအုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေးမှူးကိုတော့ ပြောခဲ့ပါတယ်” လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေးအစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံရေးပါတီတာဝန်ရှိသူတွေ၊ စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးသစ်ဆန်းကတော့” စုံစမ်းစစ်ဆေးနေတဲ့ကာလမှာ ကျနော်တို့က ကြိုတင်ဆန္ဒမဲပေးတာတွေ ရပ်ဆိုင်းခိုင်းထားတယ်။ အသုံးပြုပြီးသား မဲလက်မှတ်တွေ၊ အငြင်းပွားမှုဖြစ်နေတဲ့ မဲလက်မှတ်တွေကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်မရဘဲနဲ့ အဲဒီ မဲပုံးတွေကို ထုတ်မပေးဖို့ကို ကျနော်တို့ မှာထားပါတယ်။ အဲ့ဒီမဲလက်မှတ်ကိစ္စကတော့ ကျနော်ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ မြို့နယ်အငြင်းပွားမှုစိစစ်ညှိနှိုင်းရေးကော်မတီ ရဲ့ဆုံးဖြတ်ချက်၊ မြို့နယ်အဆင့်နဲ့ အဆင်မပြေရင် ခရိုင်ပေါ့၊ ခရိုင်ကတဆင့်ပြည်နယ် အဲ့ဒီလိုအဆင့်ဆင့် တင်ပြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလို အငြင်းပွားမှုရှိနေတဲ့ မဲလက်မှတ်တွေကို မနေ့က အငြင်းပွားမှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးအစည်းအဝေးမှာ အဲ့ဒီကြိုတင်ဆန္ဒမဲ (၁၅) ခုအပါအဝင် တံဆိပ်တုံးရိုက်ထားပြီး မဲလက်မှတ်(၃၀၀) ကျော်ကိုပါ ပယ်ဖျက်လိုက်ကြောင်း ရခိုင့်ဦးဆောင်ပါတီနဲ့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

နိုဝင်ဘာ (၅) ရက်နေ့က ပေါ်ပေါက်ခဲ့တဲ့ မဲပြား (၁၅) ပြားကိစ္စဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်းနဲ့ အဲ့ဒီ မဲပြား (၁၅) ပြားကို အကြောင်းပြပြီး အခြား မဲပြား (၃၀၀) ကျော်ကို ပယ်ဖျက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အလွန်တရာ ရုပ်ဆိုးကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)က မနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခုလိုမျိုး ရွေးကောက်ပွဲမတိုင်မီမှာ ကြိုတင်ဆန္ဒမဲကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့ ကျရောက်မယ့် ရွေးကောက်ပွဲမှာလည်း အငြင်းပွားမှုတွေ ရှိလာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

#voiceofmanmar #VOM #စစ်တွေ #ကြိုတင်မဲ #အငြင်းပွားမှု

Related posts

Leave a Comment

VOM News

FREE
VIEW