သာယာဝတီမှာ တံဆိပ်တုံးထုပြီးသား ကြိုတင်မဲတွေပါဝင်ခဲ့

နိုဝင်ဘာ ၇-၂၀၂၀
သိင်္ဂီထွန်း ( VOM )

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ကြိုတင်မဲကောက်ခံတဲ့အထဲ တံဆိပ်တုံးအတုနဲ့ ကြိုတင်ပြီးထုနှိပ်ထားတဲ့ မဲလက်မှတ်တချို့ပါဝင်ခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်သင်ကပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့မှာ သာယာဝတီမြို့နယ်အတွင်းက ကျေးရွာတွေကို အိမ်တိုင်ရာရောက်ကြိုတင်မဲတွေ လိုက်လံကောက်ခံရာ ငဖြူကလေးကျေးရွာက အိမ်တစ်အိမ်ကိုရောက်ရှိချိန် ဆန္ဒမဲပြုမယ့် လက်မှတ်တစ်စောင်မှာ NLD ပါတီဘေး တံဆိပ်တုံးထုနှိပ်ပြီးသားကို တွေ့ရှိရတာဖြစ်ပါတယ်။

“၂၉ ရက်ထဲက ကြိုတင်မဲတွေကောက်ရတယ်။ ဆရာ၊ဆရာမတွေကလည်း ပင်ပန်းနေပြီ၊ အဲ့ဒီအချိန်မှာ နည်းနည်း အလစ်အငိုက်ဖြစ်သွားချိန် အဖျက်အဆီးလုပ်ချင်တဲ့သူက လုပ်တယ်လို့မြင်တယ်။ ကော်မရှင် ၊ဆရာ ဆရာမတွေ မရိုးမသားဖြစ်ရင် သူတို့လက်ထဲမှာ တံဆိပ်တုံးရှိနေတာပဲ ထုလိုက်မှာပေါ့ ကျနော့်အမြင်ပေါ့။ ဒါကြာင့် ဒီလုပ်ငန်းကိုအနှောက်ယှက်မဖြစ်ဖြစ်အောင် ဆူပူအုံကြွမှုမဖြစ်ဖြစ်အောင် လုပ်တယ်လို့ ယူဆတယ်။ မနေ့ကလည်း ပဲခူးတိုင်းကော်မရှင်ရုံးမှာဗုံးပေါက်တယ်။ ဒါတွေဟာ တမင်ကြိုတင်ကြံစည်ပြီး အုံကြွမှုဖြစ်အောင် ဆူပူဖြစ်အောင်လုပ်တယ်လို့ ယူဆတယ်။ ဘယ်ကော်မရှင်ဝန်ထမ်းကမှတော့ ဗုံးယူလာမှာမဟုတ်ဘူး။ ဒီအချိန်က လူအဝင်အထွက်အရမ်းများတော့ တစ်ယောက်နဲ့တစ်ယောက်မစိစစ်နိုင်ဘူး အဲ့ဒီအချိန်မှာဖြစ်သွားတယ်။ ဒီလိုသာဓကမျိုးပဲ ဒီမှာလည်း အလုပ်တွေရှုပ်နေကြတယ်။ အတုနဲ့ အကြံတစ်ခုနဲ့ ဆူပူမှု ပြဿနာမဖြစ်ဖြစ်အောင်လုပ်လိုက်တဲ့သဘောပေါ့”လို့ ဦးခင်မောင်သင်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက ဥပေဒနဲ့အညီအရေးယူပေးဖို့အတွက် မြို့နယ်ကော်မရှင်ကို တိုင်ကြားထားတာကြောင့် နိုဝင်ဘာလ ၆ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်ဟာ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ အဆင်မပြေသေးပါဘူး။

ဒါကြောင့် ဒီကနေ့ နိုဝင်ဘာ ၇ရက်နေ့မှာ ထပ်မံဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်နေကြောင်းနဲ့ အဆင်မပြေပါက အထက်အဆင့်ဆင့် ကော်မရှင်ကိုတင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် UBP ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လွယ်လွယ်ဝင်းကတော့ “ကော်မရှင်ကို တိုင်တန်းခဲ့ပေမယ့် အရေးယူမှုမရှိခဲ့ဘူး။ ကြိုတင်မဲတွေကောက်တဲ့အခါ မဲရုံမှူးနဲ့ ဆရာမတွေကကောက်တဲ့အခါ ပြည်သူ့လွှတ်တော်ဖြတ်ပိုင်းစာရွက်မှာ nld ပါတီရဲ့ ဘေးမှာ ဆန္ဒမဲပြုပြီးသားဖြစ်နေတယ်။ ဆန္ဒမဲပြုမယ့်သူက လက်မှတ်တောင်မထိုးရသေးဘဲနဲ့ စာအုပ်မှာ မူလထဲက ဆန္ဒပြုတံဆိပ်တုံးထုနှိပ်ထားတာဖြစ်တယ်။ အဲ့ဒီမှာ ဘယ်သူလုပ်တာလဲဆိုပြီးဖြစ်တယ်။ အရင်မဲမှာ ဒီလိုဘယ်လောက်ဖြစ်ပြီးလဲ မသိဘူး။ သူတို့က အဲ့ဒီလက်မှတ်ကိုပယ်ပြီးတော့ နောက်မဲပေးတယ်ပေါ့။ ကျမတို့ကတော့ ဒီဖြစ်စဉ်ဟာ မလိုလားအပ်တဲ့ပြဿနာဖြစ်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြတယ်။ ကျမတို့ ပါတီအနေနဲ့လည်း ဒီဖြစ်စဉ်ကိုလက်မခံဘူး။ တချို့ပြည်သူတွေဟာ ဆန္ဒမဲ ၃ မဲပေးရမယ်ဆိုတာတောင်မသိကြဘူး။ ကိုဗစ်ကြောင့်က တကြောင်း၊ စားဝတ်နေရေး အဆင်မပြေတာက တစ်ကြောင်း၊ ပြည်သူတွေဗဟုသုတလည်း အားနည်းနေချိန် ဒီလို မသမာမှုက ဆိုးဝါးတယ်။ ဒါကြောင့် အရေးယူဆောင်ရွက်ပေးဖို့ ထိထိရောက်ပေ့ါ ။ တင်တယ်။ မနေ့က ကော်မရှင်က ခေါ်ယူဆွေးနွေးညှိနှိုင်းတယ်။ ခုထိတော့ အဆင်မပြေဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ မြို့နယ်ကော်မရှင်နဲ့ဆွေးနွေးမှုလုပ်နေပေမယ့် တိကျတဲ့အဖြေကို မရရှိတာကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ တံဆိပ်တုံးကြိုတင်ပြီးထုထားတဲ့လက်မှတ်ပါဝင်နေတဲ့အပေါ် ကော်မရှင်လူကြီးနဲ့တကွ မဲရုံမှာတာဝန်ကျတဲ့ မဲရုံမှူးအပါအဝင် အားလုံးကို အရေးယူဆောင်ရွက်ပေးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

#voiceofmyanmar #VOM #သာယာဝတီ #တံဆိပ်တုံးထုပြီးသား #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW