မဲလက်မှတ်မှာ တံဆိပ်တုံးမှားထုမိတဲ့အတွက် မဲစာရွက်အသစ်တောင်းတာကို ရပ်ကျေးကော်မရှင်က မပေးတဲ့ဖြစ်စဉ်ဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကြာနီကန်ရပ်၊ ၁၈-ရပ်ကွက်၊ မူလတန်းလွန်ကျောင်းမှာ ဒီကနေ့မနက် ၉ နာရီခွဲခန့်က ဆန္ဒမဲပေးတဲ့လက်မှတ်ကို ပါတီ‌နေရာ တံဆိပ်တုံး မှားထုမိတဲ့အတွက် မဲစာရွက်အသစ်တောင်းခံမှုကို ရပ်ကျေးကော်မရှင်က ငြင်းပယ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

” ရှေ့ကအမျိုးသမီးကြီးက ပါတီမှားထုမိလို့ ကျွန်တော့်ကို ပြောတယ်။ အသစ်တောင်လို့ရတယ်လို့ပြောတော့ သူသွားပြောတာကို မရဘူးလို့ပြောတယ်။ အဲ့ဒီအခါ မဲပေးသူ အမျိုးသမီးက နေရာစုံ တုံးလိုက်ထုပြီး ပယ်မဲလုပ်သွားတယ်”လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။

ဆန္ဒမဲပေးသူဟာ မဲလက်မှတ်မှာ တံဆိပ်တုံးမထုခင် မဲစာရွက်ကို သေချာကြည့်ရှူပြီး မကြိုက်ပါက ပြန်လည်ရွေးချယ်ခွင့်ရှိပေမယ့်လည်း ပါတီအမှတ်သားနေရာမှာ တံဆိပ်တုံးထုပြီးပါက ပြန်လည်လဲလှယ်ပိုင်ခွင့်မရှိဘူးဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံလှက ပြောပါတယ်။

မဲဆန္ဒပြုရာမှာ ပါတီနေရာ တံဆိပ်တုံးမှားထုမိတဲ့ အမျိုးသမီးဟာ မျက်မှန်မပါလာတာကြောင့် မှားနှိပ်မိတယ်လို့ပြောခဲ့ပြီး မဲလက်မှတ် အသစ်တောင်းခံမှုကို ငြင်းပယ်ရုံမျှမက ပုံးထဲထည့်ဖို့ကို ဖိအားပေးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ငူ #ဆန္ဒမဲ #တံဆိပ်တုံးမှားထု #မဲစာရွက်အသစ်တောင်းမရ

Related posts

Leave a Comment

VOM News

FREE
VIEW