မွန်ပြည်နယ်မှာ NLD က အကုန်မနိုင်ပေမယ့် ဦးဆောင်နေ

နိုဝင်ဘာ- ၉- ၂၀၂၀
ရှိုင်းအောင်(VOM)

မွန်ပြည်နယ်က မြို့နယ် ၁၀ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရာနှုန်းပြည့် မနိုင်ပေမယ့် မော်လမြိုင်၊ ဘီးလင်း၊ သထုံ နဲ့ ပေါင် မြို့နယ်တွေမှာတော့ လုံးဝအနိုင်ရခဲ့ပေမယ့်လည်း ရေးမြို့နယ်က နေရာတွေမှာတော့ အကုန်ရှုံးနိမ့်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာထိန်လင်းက ပါတီရဲ့ မဲရလဒ်အခြေအနေကို အခုလိုပြောပါတယ် “ကျနော်တို့ ကျိုက်ထို၊ ဘီလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်မှာ နေရာအကုန် အနိုင်ရပါတယ်။ ချောင်းဆုံ၊ ကျိုက်မရော၊ သံဖြူဇရပ်မှာတော့ ၃ နေရာစီပဲနိုင်ပါတယ်၊ မုဒုံမှာတော့ ၁ နေရာပဲနိုင်ပြီး ရေးမှာတော့ လုံးဝမနိုင်ပါဘူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကတော့ မော်လမြိုင်မှာတော့နိုင်ပြီး ကျန်တဲ့နေရာတွေမှာတော့ ရေတွက်မပြီးသေးတဲ့အတွက် မသိသေးပါဘူး” လို့ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကလည်း သူတို့ပါတီရဲ့ အနိုင်ရရှိမှုအခြေအနေကို ပြောပြတာကတော့ “ကျနော်တို့ ရေးမှာ ၄ နေရာ၊ မုဒုံမှာ ၃ နေရာ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောမှာ ၁ နေရာစီ နိုင်ထားပါတယ်။ လက်ရှိအခြေအနေအရ ရေတွက်မပြီးသေးလို့ ဒီလောက်ပဲသိသေးတယ်။ ကျန်တဲ့ ၃ နေရာလောက်လည်း နိုင်ဖို့ အခြေအနေရှိပါတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မွန်ညီညွတ်ရေးပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိူးသားအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၂၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာအနက် NLD ပါတီက ၄၀ နေရာ အနိုင်ရခဲ့ပါတယ်။

လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#VOM #VoiceofMyanmar #NLD #MUP #မွန်ပြည်နယ် #ရွေးကောက်ပွဲ #Election

Related posts

Leave a Comment

VOM News

FREE
VIEW