၂၀၁၅တုန်းကရှုံးခဲ့တဲ့ ရှမ်းပြည်နယ်က မြို့နယ် ၃ခုမှာ NLDအနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ လားရှိုးမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ NLDပါတီက အနိုင်ရတယ်လို့ ရှမ်းပြည်နယ် NLDပါတီ အောင်နိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုးညွန့်လွင်က ပြောပါတယ်။

“မဲတွေကို အခုထိတော့ ရေတော့ရေနေတုန်းပဲ၊ ဒါပေမယ့် တချို့ဒေသတွေတော့ ပြီးသွားပြီပေါ့နော်။ သေချာတာကတော့ လားရှိုးနိုင်သွားတယ်၊ တောင်ကြီးနိုင်သွားတယ်၊ ကျိုင်းတုံနိုင်သွားတယ်ပေါ့၊ ကျွန်တော်တို့၂၀၁၅ တုန်းက ရှုံးနိမ့်ခဲ့တဲ့ မြို့တော် ၃ ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်၊ ကျွန်တော့်ဘက်ကတော့မဲရေပြီးသွားပါပြီ၊ မဲ အပြတ်အသတ်ပါ၊ ၂သောင်းကျော် ၃ သောင်းနီးပါးလောက် ပြတ်သွားပါပြီ “လို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။

ဦးစိုးညွန့်လွင်ဟာ လက်ရှိ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးတော့ အခု ရွေးကောက်ပွဲမှာတော့ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် (၁) ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဝအမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကယန်းအမျိုးသားပါတီ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ မှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၆၃ နေရာအနက် NLDက ၃၈ နေရာ၊ USDP က ၅၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၃၉ နေရာ အနိုင်ရခဲ့ပါတယ်။

အခုလက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်းမှာ မဲရေတွက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #ရွေးကောက်ပွဲရလဒ်

Related posts

Leave a Comment

VOM News

FREE
VIEW