စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရင်း သေဆုံးသူ ၇ ယောက်နဲ့ ဒဏ်ရာရသူ ၂၆ ယောက်ရှိခဲ့

နိုဝင်ဘာ ၁၀-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပါတီအောင်နိုင်ရေးအတွက် ပါတီတွေကို ဝန်းရံထောက်ခံသူတွေ မဲဆွယ်စည်းရုံးရင်း ခိုက်ရန်ဖြစ်ပွားတာနဲ့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၇ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၆ ယောက်အထိ ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က ဘုတလင်မြို့နယ်မှာ ဆိုင်ကယ်စီး မဲဆွယ်ယာဉ်တန်းက NLD ပါတီဝန်းရံထောက်ခံသူ တစ်ယောက်ဟာ ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံးခဲ့တဲ့အပြင် အဲ့ဒီ သေဆုံးမှုဟာ စစ်ကိုင်းတိုင်းရဲ့ မဲဆွယ်ကာလ ၂ ရက်အလိုမှာ ပွဲဦးထွက် လူသေဆုံးမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၁၁ ရက်မှာ ကန့်ဘလူမြို့နယ်ဘက်က NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ ယာဉ်ပေါ်ပါ မီးစက်အင်ဂျင် မီးလောင်ခဲ့ရာကနေ လူ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာအုပ်စု၊ တပါယ်အင်းကျေးရွာမှာ အောက်တိုဘာ ၁၄ ရက်က NLDပါတီ အောင်နိုင်ရေး မဲဆွယ်ယာဉ်ပေါ်ကို လူတင်ပေးရာကနေ အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျကာ ကားဝဲဘက်နောက်နဲ့ ကြိတ်မိပြီး လူ ၁ ယောက်သေဆုံးခဲ့ပါတယ် ။

ဒါ့အပြင် ကုလားကြီးကျေးရွာမှာ အောက်တိုဘာ ၁၅ ရက် ညပိုင်းက NLDပါတီ မဲဆွယ် သီချင်းအသံချဲ့စက်ဖွင့်ပြီး ကခုန်နေတဲ့သူတွေနဲ့ USDPပါတီ ဝန်းရံသူတွေအကြား ပွတ်တိုက်မှု ဖြစ်ပွားပြီးအပြန်အလှန် ရိုက်နှက်ခဲ့ရာ လူ ၇ ယောက် ဒဏ်ရာရရှိပါတယ်။

” စစ်ကိုင်းတိုင်းထဲမှာ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရင် သေဆုံး၊ ဒဏ်ရာရ ဖြစ်စဉ်တွေဟာ ရဲမှုခင်း မှတ်တမ်းအရဆို ဒီပမာဏ အထက်ပိုနိုင်တယ် တချို့ သေမှုသေခင်း ဖြစ်စဉ်နဲ့ မှတ်တမ်းတွေရှိတယ်”လို့ ရွေးကောက်ပွဲအကြိုကာလကို စောင့်ကြည့်လေ့လာခဲ့သူ ကိုမောင်မောင်စိုးက ပြောပါတယ်။

မြောင်မြို့နယ်၊ နဘတ်ကြီးကျေးရွာ၊ မြောင် – ပရိမ္မ ကားလမ်းမှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက မြောင်မြို့ပေါ် NLDပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှည့်ပြီးပြန်လာတဲ့ ကျောက်ရစ်ကျေးရွာက လူငယ် ၃ ယောက်ဟာ သုံးဘီးဆိုင်ကယ်ကို သူမောင်းမယ် ငါမောင်းမယ်လို့ ငြင်းခုန်စကားများပြီး ခိုက်ရန်ဖြစ်ပွားကာ လူငယ် ၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း USDP ပါတီ မဲဆွယ်ယာဉ်တန်းနဲ့ NLD ပါတီ ဝန်းရံသူတွေအကြား နှစ်ဖက် ပွတ်တိုက်မှုဖြစ်ပြီး ကာဘိုးကျေးရွာမှာ လူ ၁ ယောက်သေဆုံးကာ ဆိုင်ကယ် ၆ စင်း ၊ လူနေအိမ် ၂ လုံး နဲ့ ကိုဗစ် ၁၉ စစ်ဆေးဂိတ်က ထိုင်ခုံတချို့ ပျက်စီးခံခဲ့ရပါတယ်။

အရာတော်မြို့နယ်၊ မုံရွာ – ရွှေဘို- အရာတော်သွားတဲ့ကားလမ်းပေါ်မှာ NLDပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ်က လူတစ်ယောက် ပြုတ်ကျပြီး ကားကြိတ်မိရာကနေ လူ ၁ ယောက်သေဆုံးခဲ့ပါသေးတယ်။

မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်၊ အောင်ဇေယျလမ်းထိပ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက NLDပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံရေး ယာဉ်တန်းကအပြန် ကားအမိုးပေါ်ကနေ အလံဝှေ့ရမ်းတဲ့ လူ ၁ ယောက် အလံစတီးရိုးနဲ့ လျှပ်စစ်ဓာတ်ကြိုး ထိမိရာကနေ လူ ၁ ယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။

ထီးချိုင့်မြို့နယ်၊ အောင်သာယာကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ရှေ့မှာ လာရောက်ကခုန်နေတဲ့ NLDပါတီ ဝန်းရံထောက်ခံသူနဲ့ USDPပါတီ ဝန်းရံသူတွေအကြား ပွတ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ လူ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးမြို့နယ်ခွဲမှာ အောက်တိုဘာ ၂၈ ရက် နေ့ခင်းပိုင်းက USDP ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်း ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၁ ယောက်သေဆုံးကာ လူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့မှာ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်း လှည့်လည်နေချိန် NLDပါတီ လက်ကိုင် အလံ ဝှေ့ရမ်းပြီး ကခုန်ခဲ့သူ ရဲဝန်ထမ်း ၁ ယောက် ဖမ်းဆီးထိန်းသိမ်းခံရမှုလည်း ရှိခဲ့သေးတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ရွေးကောက်ပွဲအကြိုကာလ #ထိခိုက်၊ဒဏ်ရာရ၊သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW