ရန်ကုန်တိုင်းအတွင်းက ရွေးကောက်ပွဲအငြင်းပွားမှု

နိုဝင်ဘာ ၁၀-၂၀၂၀
ညီသစ်(VOM)

ရန်ကုန်တိုင်းအတွင်းရှိ သုံးခွမြို့နယ်၊ ဒဂုံမြို့နယ် နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲပေးရာမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ မဲရုံအမှတ်(၃)မှာ ဆိုင်ဝန်ထမ်း(၃၀)ဝန်းကျင်က သက်ဆိုင်ရာမြို့နယ်တွေမှာ မဲမပေးဘဲ ဒဂုံမြို့နယ်အတွင်းကို မဲပေးခွင့်ရဖို့ NLD ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး၊ ရပ်ကွက်ဥက္ကဋ္ဌ နဲ့ စည်ပင်ဥက္ကဋ္ဌ တို့ရဲ့ သဘောတူညီချက်တွေနဲ့ စီစဉ်ခဲ့တယ်လို့ ဒဂုံမြို့နယ် ပြည့်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျကပြောပါတယ်။

” မှန်တယ် ၊ အဲ့ဒါက မှန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ UBP ရော PPP ရော ကန့်ကွက်တယ်ပေါ့နော် မှန်တာပေါ့ ။ မဲစလစ်တွေထုတ်ပေးကတည်းက ကျနော်တို့ ပါတီငယ်တွေကဘာမှမသိလိုက်ဘူး၊ အာဏာရပါတီပဲသိပြီးတော့ သူတို့က အိမ်တိုင်ရာရောက် အဲ့ဒါတွေကိုသွားပြီးတော့ မဲစည်းရုံးတဲ့သဘောမျိုးနဲ့ သွားပြီးတော့ပေးခွင့်ရခဲ့တယ်၊ လုပ်ကြတယ်။
အဲ့ဒီတော့ အဲ့ဒီစလစ်တွေကလည်း မဲစာရင်းရဲ့ထုတ်ပြန်တဲ့ ၊ မဲပေးနိုင်တဲ့ မဲစာရင်းထဲမှာ ပါမပါမသိဘူး ကျနော်တို့က စစ်ချိန်မရဘူးပေါ့။ မဲလာပေးတဲ့အခါကျတော့ အဲ့ဒီစလစ်နဲ့လာပေးရော အဲ့ဒီစလစ်က ထုတ်ပေးထားတယ်၊ အဲ့ဒီတော့ အဲ့ဒီစလစ်ကို ထုတ်ပေးထားတဲ့ဟာကို ဘာကြောင့်ထုတ်ပေးသလဲဆိုတော့ အဲ့ဒီစလစ်မှာက တကယ်တန်းကျတော့ မွေးသက္ကရာဇ်လည်းမပါဘူး၊ မှတ်ပုံတင်လည်းမပါဘူး။ ဒါပေမယ့်ထောက်ခံတယ်ပေါ့ဗျာ၊ ကျနော်ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ အဲ့ဒါက ယောမင်းကြီးရပ်ကွက်မှာ ၊ ဒဂုံမြို့နယ်ထဲမှာရှိတဲ့ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်တွေက စားပွဲထိုးတွေ ၊ နောက်တစ်ခါ ပါဆယ်လိုက်ပို့တဲ့အဖွဲ့တွေ ၊ စားသောက်ဆိုင်တွေက မှာတဲ့ဟာတွေကို Online Shopping သဘောမျိုးပေါ့ လိုက်ပို့ပေးတဲ့အဖွဲ့တွေ ၊ အဲ့ဒီအဖွဲ့တွေအားလုံးကိုစုပြီးတော့ အာဏာရပါတီကို မဲထည့်ခိုင်းဖို့ရည်ရွယ်ချက်နဲ့လာတာ၊ လာတာကို ကျနော်တို့ကစောင့်ပြီးတော့ အဲ့ဒါကို ကန့်ကွက်လိုက်တယ်၊ UBPက ကန့်ကွက်လိုက်တယ်၊ သို့သော်လည်း ကန့်ကွက်လိုက်တာက အထဲမှာကလည်း နဲနဲလေး တစ်ချို့ ၄၊ ၅၊ ၆ ယောက်လောက် မဲပေးပြီးသွားတဲ့သဘောရှိတယ်”လို့ ပြည့်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျကပြောပါတယ်။

မဲပေးဖို့လာသူတွေဟာ မှတ်ပုံတင်အထောက်အထားတွေမပါဝင်ဘဲ မဲစလစ်တစ်ခုသာပါဝင်ခဲ့တဲ့ကိစ္စကို UBP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ နဲ့ PPP ပြည်သူ့ရှေ့ဆောင်ပါတီ တို့က ကန့်ကွက်ခဲ့ကာ သက်ဆိုင်ရာ UEC အဖွဲ့အစည်းကလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

” ကန့်ကွက်တဲ့အခါကျတော့ရပ်ရတယ်ပေါ့နော်၊ ရပ်ပြီးတော့လုပ်ရတယ်။ ဒါကျတော့မှန်တယ်၊ လ.ဝ.က ကတောင် မွေးသက္ကရာဇ် အတိအကျမသိတဲ့သူက ၁၈ နှစ်ပြည့်လားဆိုတာ သူတို့အာမမခံဘူး။ အဲ့ဒီလို ကန့်ကွက်တယ်ဆိုတော့ မဲရုံမှူးကလည်း လက်မခံလို့မရတော့ဘူးပေါ့ ။ အမှန်တော့ ဒီစလစ်ထုတ်ပေးတာကြီးကိုက မှားနေတာ၊ ဘာလို့ထုတ်ပေးမလဲ ဘာအထောက်အထားနဲ့ မဲထည့်မလဲ၊ ဒီလိုထုတ်ပေးတဲ့လုပ်ရပ်ကြီးကိုက အတော်မှားယွင်းတဲ့လုပ်ရပ်၊ အဲ့ဒီတော့ ကျနော်က အမျိုးသားလွှတ်တော်ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကလည်းမပါဘူး၊ အဓိကတော့ UBPက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဝင်းကတော့ တိုက်ရိုက်ကန့်ကွက်ခဲ့တယ်”လို့ ဦးကျော်ဇေယျက VOM ကို ပြောပြပါတယ် ။

ဒါ့အပြင် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ဦးကျော်ဇေယျကသုံးသပ်ပြောဆိုပါတယ်။

” ၂၀၁၅ နဲ့ပဲ ကျနော်ယှဉ်ပြောမယ်၊ ၂၀၁၅ တုန်းက ဒီအချိန် ပြည်သူ့ရဲ့ကိုယ်စားလှယ်လောင်းများကို ဦးတင်အေး ကိုယ်တိုင် တော်တော်ထုတ်ပြန်ကြေငြာ ပြီးသွားပြီ၊ အခု တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူး။ ၂၀၁၅ တုန်းကတောင် ဒီလို အဆင်ပြေ ချောမွေ့ခဲ့တာကို ၂၀၂၀မှာ ပိုချောမွေ့ရမယ့်ဟာကို အခုထက်ထိ တရားဝင် မထုတ်ပြန်နိုင်သေးဘူး၊
အဲ့ဒီတော့ တရားမျှတတယ် ထင်ပါသလားဆိုတော့ တရားမျှတမှု မရှိသော်လည်း
အခုထက်ထိ အသံစုံထွက်ပြီးတော့ UEC ရဲ့လုပ်ဆောင်ချက်ဟာ အေးအေးဆေးဆေးမဖြစ်သေးတာပေါ့ တရားမဝင်သေးတာပေါ့ အဲ့ဒီလို ကျနော်သုံးသပ်ရမှာပေါ့”လို့ ဦးကျော်ဇေယျက VOMကို ပြောပါတယ်။

သုံးခွ ၊ ဒဂုံ၊ မရမ်းကုန်း အစရှိတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြဿနာ အချို့ ရှိနေခဲ့ပြီး မရမ်းကုန်းမြို့နယ် ရဲစခန်းမှာတော့ အမှု(၈)ခုအထိ အမှုဖွင့်တိုင်ကြားထားခဲ့တာဖြစ်တယ်လို့လည်း ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျရဲ့ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို မြန်မာတနိုင်ငံလုံးစာအတွက် UEC ကနေ ရွေးကောက်ပွဲပြီးချိန် ၂ရက်ရှိလာတဲ့အချိန်ထိ တရားဝင်ထုတ်ပြန်ကြေငြာတာမရှိသေးပါဘူး။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲအငြင်းပွားမှု

Related posts

Leave a Comment

VOM News

FREE
VIEW