ဒဘတ်ယန် စစ်​ရှောင်​တွေရဲ့ အိမ်ပြန်ခရီး

နို၀င်ဘာ ၁၃-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက စစိဘေးရှောင်နေတဲ့ အိမ်ထောင်စု ၂၁၆ စုနေထိုင်ဖို့ နေအိမ်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အပြီးတည်ဆောက်မှာဖြစ်ပြီး မတ်လမှာ အားလုံးပြန်လာနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တွဲဘက်အတွင်းရေးမှူး-၃ ဦးခါးလီက ပြောပါတယ်။

၂၀၁၁ ခုနှစ် တစ်ကြော့ပြန် စစ်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေဆီ ရောက်ခဲ့ရလို့ ပျက်စီးနေတဲ့ နေအိမ်တွေအတွက် ပြင်ဆင်စရိတ်အဖြစ် တစ်အိမ်ကို ၁၀ သိန်း နဲ့ ၁၅ သိန်းဝန်းကျင် ထောက်ပံ့ပေးမှာဖြစ်ပြီး အသစ်ဆောက်ပေးရမယ့် နေအိမ်တွေကိုတော့ (KHCC)အနေနဲ့ သိန်း ၄၀ – ၄၅ သိန်းတန် တန်ဖိုးနည်း နေအိမ် တည်ဆောက်ပေးသွားမယ်လို့ ပြောပါတယ်။

အဲ့ဒီလို ဆောင်ရွက်ပေးတဲ့အခါ ဒဘတ်ယန်ကျေးရွာမှာ အမှန်တကယ် နေထိုင်တဲ့ အိမ်ထောင်စု ဟုတ်၊မဟုတ်ကိုလည်း ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စီစစ်ပေးတဲ့အတိုင်း ပြုလုပ်ပေးသွားမယ်လို့ ပြောပါတယ်။

နေရပ်ပြန်တွေ နေထိုင်တဲ့အခါ လုံခြုံဖို့နဲ့ မိုင်းရှင်းလင်းရေးကိစ္စတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အင်ဂျင်နီယာဌာနက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အင်ဂျင်နီယာဌာန တာဝန်ရှိသူကတော့ မိုင်းရှင်းလင်းရေးကဏ္ဍကို တစ်ရက်တည်း အပြီး မဆောင်ရွက်ပေးနိုင်ပေမယ့် နေရပ်ပြန်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တစ်ရက်ချင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

ဒဘတ်ယန်ကျေးရွာကို ပြန်လာကြတဲ့ နေရပ်ပြန်စစ်ရှောင်တွေကို မေးကြည့်တော့ သူတို့နေတဲ့ အခါ နေအိမ်ပြင်ဆင်ဖို့၊ တောင်ယာလုပ်ကိုင် စားသောက်မယ့် နေရာတွေမှာ ဘေးကင်းကင်း လုပ်ကိုင်နိုင်ဖို့နဲ့ ကျန်းမာရေး အစောင့်အရှောက်တွေ လိုအပ်တယ်လို့ ပြောပါတယ်။

သူတို့အတွက် အခက်အခဲ ဖြစ်နေတာကတော့ စစ်ရှောင်စခန်းရောက်မှ အိမ်ထောင်စု ခွဲသွားတဲ့သူတွေရဲ့ နေအိမ်တည်ဆောက်ရေးဖြစ်ပြီး ဒါကိုတော့ လ.ဝ.က အတည်ပြုထားတဲ့ မြေနေရာထဲမှာပဲ နေထိုင်သွားဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဆယ်နှစ်နီးပါးကြာနေပြီဖြစ်လို့ မြေနေရာအမှတ်အသားတွေ ပျောက်ကုန်တာနဲ့ တောင်ယာနယ်နိမိတ် သတ်မှတ်ချက်တွေကိုတော့ ၂၀၁၀ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းအတိုင်း စီစစ်ပြီး နေရာချထား ပေးသွားမယ်လို့ ဝိုင်မော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန ဦးစီးဌာနမှူး ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။

အဲ့ဒီကျေးရွာကို ပြန်ပို့ဖို့ စီစဉ်နေတဲ့ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုတွေဟာ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားက စစ်ရှောင်စခန်း ၁၇ ခုမှာ နေထိုင်ခဲ့သူတွေ ဖြစ်ပြီး အိမ်ထောင်စု ၂၁၆ စုမှာ လူဦးရေ ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ရှောင် #အိမ်အပြန်ခရီး

Related posts

Leave a Comment

VOM News

FREE
VIEW