ဟောင်ကောင် အတိုက်အခံလွှတ်တော်အမတ်အားလုံး နှုတ်ထွက်၊ ဗဟိုအစိုးရကို ဗြောင်ကျကျစိန်ခေါ်တာလို့ တရုတ်အစိုးရပြော

ဟောင်ကောင်၊ နိုဝင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

ဟောင်ကောင်အတိုက်အခံ လွှတ်တော်အမတ်တွေ အစုလိုက်အပြုံလိုက် လွှတ်တော်ကနေနှုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ တရုတ်အစိုးရရဲ့ အခွင့်အာဏာကို မထီမဲ့မြင်ပြုပြီး ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်အစိုးရဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ယူဆတဲ့ ဟောင်ကောင်အတိုက်အခံအမတ် ၄ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် အခြားအတိုက်အခံ အမတ် ၁၅ ဦးကလည်း နှုတ်ထွက်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

လွှတ်တော်အမတ် ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းအပါအဝင် ဟောင်ကောင်ရဲ့ အခွင့်အရေးတွေကို တရုတ်အစိုးရက နောက်ထပ်ကန့်သတ်လိုက်တာလို့ အများစုက ရှုမြင်နေကြပြီး တရုတ်အစိုးရကတော့ ငြင်းဆိုထားပါတယ်။

အတိုက်အခံအမတ်တွေ အများအပြားနှုတ်ထွက်လိုက်တဲ့ကိစ္စအပေါ် တရုတ်နိုင်ငံရဲ့ ဟောင်ကောင်၊ မကာအိုဆက်ဆံရေးရုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ တရုတ်အစိုးရရဲ့ အခွင့်အာဏာ၊ အခြေခံဥပဒေနဲ့ ဟောင်ကောင်ဖွဲ့စည်းပုံကို ဗြောင်ကျကျစိန်ခေါ်လိုက်တာလို့ ဆိုပါတယ်။

ဒါဟာ တရုတ်ဗဟိုအစိုးရကို ဆန့်ကျင်တဲ့ ခေါင်းမာတဲ့လုပ်ရပ်ဖြစ်ပြီး ဒီနှုတ်ထွက်မှုကို အသုံးချပြီး အစွန်းရောက်အတိုက်အခံတွေကို လှုံ့ဆော်ဖို့နဲ့ ပြည်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို တောင်းဆိုဖို့ ရည်ရွယ်ထားရင်တွေ တွက်ကိန်းမှားလိမ့်မယ်လို့ တရုတ်အစိုးရဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : BBC
Photo: Reuter
#voiceofmynmar #VOM #ဟောင်ကောင်

Related posts

Leave a Comment

VOM News

FREE
VIEW