တက်လာတဲ့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အလေးပေးဆောင်ရွက်ပေးဖို့ မြောက်ပိုင်း (၃) ဖွဲ့တောင်းဆို

စစ်တွေ၊ နိုဝင်ဘာ ၁၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းကာလက NLD ဦးဆောင်တဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့ကြား ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ရေးအတွက် ရွေးကောက်ပွဲလွန်ကာလမှာ တက်လာမယ့် NLD အစိုးရအနေနဲ့ အထူးအလေးပေးဆောင်ရွက်ပေးဖို့လိုကြောင့်း မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

” အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်တဲ့အတွက် (၂၁) ရာစုပင်လုံမှာလည်း အေအေကို မဖိတ်ဘူး။ အဲဒါကြောင့် မြောက်ပိုင်းလေးဖွဲ့ပါဝင်တဲ့ FPNCC ကလည်း မတက်ရောက်တော့ဘူးပေါ့နော်၊ အစိုးရတပ်ဖက်ကလည်း အပစ်ရပ်သက်တမ်းတိုးတိုင်းမှာလည်း ရခိုင်ဖက်မပါဘူး။ အေအေကို ချန်လှပ်ပြီးမှ ကြေညာထားတာရှိတယ်။ အဲလိုမျိုး တပ်ရော၊ အစိုးရရော နောက်ထပ်တစ်ကြိမ်ထပ်မံပြီးတော့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့တွေဖွဲ့တယ်။ အဲလိုမျိုးလုပ်တဲ့အခါကျတော့ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ အတွက် မဖိတ်ခဲ့ဘူးပေါ့။ အဲလို ဆက်ပြီးသွားနေရင် ကျနော်တို့ လက်ရှိသွားနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးပွဲမှာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဟန့်အတားဖြစ်နေတာပေါ့ ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ ရုတ်သိမ်းပေးဖို့ တိုက်တွန်းရတာပါ။” လို့ တအန်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

အေအေအဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NLD ဗဟိုကော်မတီပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ ၂၀၂၀ အလွန်မှာတက်လာမယ့်NLDအစိုးရအနေရဲ့ အဓိကဦးတည်ချက်ဟာ ငြိမ်းချမ်းရေးဖြစ်ကြောင်းနဲ့ မြောက်ပိုင်း (၃) ဖွဲ့အနေနဲ့ အခုလိုမျိုးထုတ်ပြန်လာတာဟာလည်း ကောင်းတဲ့အလားအလာဖြစ်ကြောင်းနဲ့ တပ်မတော်ဖက်ကလည်း ငြိမ်းချမ်းရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ကော်မတီတွေဖွဲ့ထားတဲ့အတွက် ကောင်းတဲ့လက္ခဏာဖြစ်ကြောင်း သဘောထားမှတ်ချက်ပေးပါတယ်။

“ ကျနော်တို့အနေနဲ့ ၂၀၂၀ အလွန်မှာ တော်တော်လေးအလေးအနက်ထားပြီး ဦးစားပေးတာကတော့ အဲ့ဒီငြိမ်းချမ်းရေးပါပဲ။ အဲ့ဒါကတော့ အမှန်တကယ်သေချာပါတယ်။ ငြိမ်းချမ်းရေးနဲ့ တစ်ဆက်တည်း အမျိုးသားပြန်လည်သင့်မြတ်ရေးပါမယ်။ အဲ့ဒါနဲ့ တစ်ဆက်တည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပါမယ်။ ဒီသုံးခုကတော့ ချိတ်ဆက်နေမှာပါပဲ။ ငြိမ်းချမ်းရေးဆိုတာကတော့ တစ်ဆက်တည်းပါလာတာကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ့။ အခုခေတ်စားနေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရပေါ့ အဲ့ဒီလိုမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။ ပြီးတော့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာ ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေကို အများကြီးသင်ခန်းစာယူရမယ်၊ အဲဒီအတွေ့အကြုံတွေကနေပြီးတော့ အခွင့်အလမ်းတွေအများကြီးရှာရမယ်လို့ ပြောလိုပါတယ်”လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရတာဝန်ကို ထပ်မံထမ်းဆောင်မယ့် NLD အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးပြုလုပ်ရာမှာ အဓိကကျတဲ့ တပ်မတော်နဲ့ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆေးနွေးညှိနှိုင်းဖော်ဆောင်နိုင်မယ့် အခင်းအကျင်းသစ်တွေ ပေါ်ပေါက်နိုင်ဖို့ ရည်ရွယ်ပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က နောက်ထပ်တစ်ကြိမ်အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်အရေအတွက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့အနေနဲ့ ကြိုတင်ကန့်သက်ချက်မပါဘဲ တပ်မတော်နဲ့ ပူးတွဲအပစ်အခတ်ရပ်စဲဖို့ အဆင်သင့်ဖြစ်နေကြောင်းနဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စဲပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို FPNCC ရဲ့ ဦးဆောင်မှုနဲ့ လိုက်ပါဖို့ အမြဲအဆင်သင့်ဖြစ်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ချက်သဘောထားကို ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီး အဲ့ဒီထုတ်ပြန်ချက်မှာ မြောက်ပိုင်း (၃) ဖွဲ့ဖက်က တပ်မတော်အနေနဲ့ တိုင်ရင်းသားဒေသတွေ(အထူသဖြင့် ရခိုင်ပြည်နယ်)မှာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေရပ်တန့်ဖို့၊ အေအေအပါအဝင် မြောက်ပိုင်း (၃) ဖွဲ့ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာလုပ်ဆောင်ချက်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးပြီး NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးချိန်ထိ လိုအပ်တာတွေကို ဆွေးနွေးသွားဖို့ထုတ်ပြန်ကြေညာထားပါတယ်။

အခုလိုတောင်းဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို သိရှိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့ရှိတဲ့အနက် ညီနောင်မဟာမိတ်(၃) ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော်(AA)၊ တအန်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့က အပစ်ရပ်သက်တမ်းတစ်လတိုးကြောင်း မနေ့က ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်မိတ်(၄) ဖွဲ့ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)မှာပါဝင်ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် ကချင်တပ်ဖွဲ့ (KIA/ KIO)၊ ဝတပ်ဖွဲ့ (UWSA/ UWSP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ပါဝင်တာ ဖြစ်ပါတယ်။

အေအေ ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ လက်ရှိ (၂၀၂၀) ခုနှစ်အထိ တစ်ဖက်သက်အပစ်အခတ်ရပ်စဲကြောင်း ကြေညာတာ (၇) ကြိမ်တိတိရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – AA
#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW