မဲရုံတာဝန်ကျ ကျောင်းဆရာ ၁ ယောက်ကို သူတပါးအယောင်ဆောင်ပြီး ဆန္ဒမဲပေးခဲ့လို့ NLD ပါတီဥက္ကဋ္ဌက အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ တလိုင်းဆင်ကျေးရွာက မဲရုံတာဝန်ကျ အလယ်တန်းပြ ကျောင်းဆရာ ၁ ယောက်ကို သူတပါးအယောင်ဆောင်ပြီး ဆန္ဒမဲပေးခဲ့တာကြောင့် မင်းကွန်းကျေးရွာ NLDပါတီဥက္ကဋ္ဌက မနေ့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” နိုဝင်ဘာ ၁ ရက်နေ့က တလိုင်းဆင်ရွာ အသက် ၆၀ ကျော် ကြိုတင်ဆန္ဒမဲပေးရုံ အမှတ် ၂ ရဲ့ လက်မှတ်စစ်ဆေးရေး တာဝန်ကျတဲ့ ဆရာဦးမျိုးဝင်းက သူရဲ့ ကြိုတင်မဲကို ထည့်တယ်၊ နောက်ပြီး အသက် ၈၃ နှစ်အရွယ် သူ့ရဲ့အဖေ ဦးကိုလေးအတွက် ဆန္ဒမဲလက်မှတ်ကို မဲပုံးထဲထည့်တယ်၊ အဲ့ဒီအပြင် သူရဲ့အစ်မ ဒေါ်သန်းနွှဲ့အတွက် ဆန္ဒမဲလက်မှတ် ထုတ်ယူဖို့ အလုပ်မှာ ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမျိုးက သတိပေးတားမြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဆီ ဆက်လက်တင်ပြခဲ့တယ်၊ အဲ့ဒီနောက် သူတပါးအယောင်ဆောင်ပြီး ဆန္ဒမဲလက်မှတ်ထုတ်ယူတာ၊ ဆန္ဒမဲထည့်တာဟာ ဥပဒေအရ အရေးယူဖို့ စစ်ကိုင်းမြို့နယ် NLDပါတီ အောင်နိုင်ရေးဥက္ကဋ္ဌ ဒေါက်တာအောင်မိုးက ပြန်လည်ညွှန်ကြားတာကြောင့် အမှုဖွင့်တာဖြစ်တယ် “လို့ စစ်ကိုင်း NLDပါတီ အောင်နိုင်ရေးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲဝန်ထမ်းတစ်ယောက်ကို မေးမြန်းရာမှာတော့” အဲ့ဒီအမှုက မင်းကွန်းနယ်မြေရဲစခန်း (ပ) ၅၇/၂၀၂၀၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၅၉(ဇ) အရ အမှုဖွင့်ထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီအမှုကို မင်းကွန်းကျေးရွာအုပ်စု NLDပါတီဥက္ကဋ္ဌ ဦးကျော်ဌေးက တရားလိုပြုလုပ်ပြီး မဲရုံတာဝန်ကျ အလယ်တန်းပြကျောင်းဆရာ ဦးမျိုးဝင်းကို အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #အယောင်ဆောင်မဲပေး #မဲရုံတာဝန်ကျဆရာ #NLDပါတီအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW