မွန်ပြည်နယ် လ.ဝ.က ဝန်ကြီးကို USDPကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲဥပဒေတွေနဲ့ အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀
ကောင်းလက်ျာ(VOM)

NLDပါတီကနေဝင်ရောက်ယှဉ်ပြိုင်တဲ့ ပေါင်မြို့ အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် အခုလက်ရှိ မွန်ပြည်နယ် လ.ဝ.က ဝန်ကြီးဖြစ်သူကို ပြည်ခိုင်ဖြိုး(USDP)ပါတီကိုယ်စားလှယ်လောင်းက ပေါင်မြို့မရဲစခန်းနဲ့ မုတ္တမနယ်မြေရဲစခန်းတို့မှာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကနေ သိရပါတယ်။

ပေါင်မြို့နယ် အမှတ်-၁ ပြည်နယ်လွှတ်တော်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ USDP ပါတီကိုယ်စားလှယ်လောင်းဦးကျော်လင်းဦးက ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းမင်းအောင်ကို ပေါင်မြို့မရဲစခန်းမှာ ပုဒ်မေ ၄ ခုနဲ့ မုတ္တမနယ်မြေရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။

” ဝန်ကြီးတစ်ဦးရဲ့ မလျော်ဩဇာသုံးပြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဝင်ထွက်သွားလာတာတွေအပြင် နိုင်ငံသိထင်ရှားတဲ့ ကြိုတင်မဲသိမ်းဆည်းခဲ့တဲ့ ရပ်ကျေးကော်မရှင်ရုံးမှာ CCTV(စောင့်ကြည့်ကင်မရာ)တပ်ဆင်တဲ့ ကိစ္စတွေကြောင့် အမှုဖွင့်လှစ်ခဲ့တာပါ”လို့ အမှုဖွင့်လှစ်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးကျော်လင်းဦးကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတစ်ဦးလိုက်နာရမ့် စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် အခုလို အမှုဖွင့်လှစ်တာဖြစ်တယ်လို့ပေါင်မြို့မရဲစခန်းနဲ့ တိုင်ကြားသူပြောပြချက်အရ သိရပါတယ်။

တိုင်ကြားခံရသူ ပြည်နယ် လ.ဝ.ကဝန်ကြီး ဦးထွန်းမင်းအောင်ကို ပေါင်မြို့မရဲစခန်းနဲ့ မုတ္တမနယ်မြေရဲစခန်းတို့မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၅၇/၅၈(ဃ)/၅၉(စ)/၆၂ တို့နဲ့ အမှုဖွင့်ထားဖြစ်တယ်လို့ သိရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦထွန်းမင်းအောင်ကို အမှုဖွင့်ခံရတာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းပေမယ့် ဒီကနေ့ နိုဝင်ဘာ ၁၃ရက် ညနေ ၃ နာရီအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

#voiceomyanmar #VOM #မွန်ပြည်နယ် #လ.ဝ.ကဝန်ကြီး #ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW