ရခိုင်မြောက်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရေး တပ်နဲ့ အေအေ ထုတ်ပြန်ချက် ANPပါတီ ကြိုဆို

နိုဝင်ဘာ ၁၃-၂၀၂၀
ထက်အောင်းစိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်းက မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ အေအေအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်နဲ့ တပ်မတော်က အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို ကြိုဆိုကြောင်း တပ်မတော်တို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကလည်း လှိုက်လှဲစွာနဲ့ ကြိုဆိုတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက” ကျနော်တို့ ပါတီအနေနဲ့ ဒီလိုမျိုး တပ်မတော်နဲ့ အေအေတို့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုရတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုစိတ်ရှိတယ်ဆိုတာကို နှစ်ဖက်ထုတ်ပြန်ချက်တွေက ဖော်ပြနေတာပေါ့။ အေအေဖက်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်လိုက်တဲ့ ရခိုင်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်းဆိုထုတ်ပြန်တယ်။ တပ်မတော်ကလည်း အေအေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်တဲ့အတွက် ကျနော်တို့က ကြိုဆိုကြောင်း အခုလို ထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်မြေတွေက နိုင်ငံသားအခွင့်အရေးတွေ မဆုံးရှုံးစေရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးဖို့ တပ်မတော်ရော အေအေပါ နှစ်ဖက်စလုံးက တောင်းဆိုမှုဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိက တွန်းအားတစ်ခုဖြစ်ကြောင်းကို ယုံကြည်တယ်လို့ ANPပါတီရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်လက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ ရွေးကောက်ပွဲ မကျင်းပလိုက်တဲ့ မြို့နယ်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဆောလျင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းလိုကြောင်း ANPရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုမျိုး တပ်မတော်နဲ့ အေအေတို့ရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကနေတဆင့် ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာကာ ပြည်ထောင်စုတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မနေ့က အေအေရဲ့ ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်မှာ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း အေအေဖက်က အကြံပြုထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အေအေအဖွဲ့ ထုတ်ပြန်တာက” ရွေးကောက်ပွဲ မကျင်းပရသေးသော မြို့နယ်များမှာ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနဲ့ မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်လိုအပ်သည့် တည်ငြိမ်အေးချမ်းသောအခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီ လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ULA/AA ၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်” လို့ ကြေညာထားတာ ဖြစ်ပါတယ်။

အေအေဖက်က ထုတ်ပြန်ပြီး နောက်ပိုင်းမှာ တပ်မတော်ဖက်ကလည်း မနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ခေါင်းစဉ်နဲ့ ကြေညာချက်တစ်ခုမှာလည်း အေအေအဖွဲ့ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မေတ္တာရပ်ခံ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW