UECရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သူတွေထဲက ၂ ဦးကို အလုပ်နဲ့ ထောင်တစ်လစီချ

နိုဝင်ဘာ ၁၃-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ကို နိုဝင်ဘာလ ၁၁ ရက်နေ့က လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကျတဲ့ သူတွေထဲက ၂ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ ဥတ္တရသီရိမြို့နယ်တရားရုံးကနေ သိရပါတယ်။

“နှစ်ယောက်ပေါ့နော် စွပ်စွဲခံရသူနှစ်ယောက်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၉ အရ အမိန့်ချလိုက်တာပါ”လို့ ဥတ္တရသီရိမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မေစုမွန်ကျော်ကပြောပါတယ်။

အဲ့ဒီရုံးရှေ့ကို လာရောက်ဆန္ဒထုတ်ဖော်ခဲ့သူတွေထဲက ဇော်ဦး(ခ)ဇော်လင်း(ခ) ဇော်ဇော်လင်းနဲ့ ညီညီ(ခ)ဦးညီအောင် တို့ ၂ ဦးကို ဥပဒေအရ အရေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမှုနဲ့ ပတ်သတ်ပြီးတော့ ဒေါ်မေစုမွန်ကျော် ဆက်ပြောပြတာက “သူတို့ဒီအမှုအမျိုးအစားက သာမန်အမှုအမျိုးအစားဖြစ်တယ်။ သာမန်အမှုအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒီစွပ်စွဲခံရတဲ့သူတွေ ရုံးရှေ့ရောက်လာတဲ့အခါကျရင် ကျွန်မတို့က ဒီပြစ်မှုအကြောင်းအရာရှင်းပြပြီးတော့ သူတို့ကို ဒီအပြစ် ရှိ၊ မရှိ မေးမြန်းတယ်။ သူတို့က တကယ်လို့ အပြစ်ရှိတယ်လို့ ဝန်ခံတဲ့အခါကျရင် ရုံးကနေပြီးတော့ အမိန့်ချမှတ်တယ်”လို့လည်း ပြောပါတယ်။

UECရုံးရှေ့မှာ လူအင်အား ၅၀ ကျော်လောက်က UEC အယုံအကြည်မရှိ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ဒို့အရေး၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အား လုံးဝအယုံအကြည်မရှိ၊ မတရားမှုမှန်သမျှဆန့်ကျင်ကျ၊ တရားမျှသည့် ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းပေးရေး ဒို့အရေး စတဲ့ ဗီနိုင်းတွေနဲ့အတူ လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကျတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #UECရုံးရှေ့ဆန္ဒပြသူ၂ဦး #ထောင်၁လစီချ

Related posts

Leave a Comment

VOM News

FREE
VIEW