မန္တလေးမှာ မြို့နယ်အလိုက် Q center တွေထပ်တိုးပြင်ဆင်

နိုဝင်ဘာ ၁၅-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာတွေ များပြားလာတဲ့အတွက် မြို့နယ်တိုင်းမှာ Quarantine Center တွေ ထပ်တိုး ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

“လုပ်ငန်းကိုင်ငန်းတွေမှာ လွယ်ကူအောင်လို့ ကိုယ့်မြို့နယ်အလိုက်မှာ Q စင်တာတွေ စပြီးပြင်ဆင်နေကြပြီ။ အဓိကကတော့ အ.ထ.က ကျောင်းတွေမှာ ပြင်ပါတယ်။ များလာရင်လည်း ဘာဖြစ်ဖြစ် အဆင့်သင့်ရှိနေအောင်လို့ပေါ့”လို့ ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

လက်ရှိ မန္တလေးတိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုမှာ ၂၅၀၀ ကျော်ရှိနေပြီး မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်ပိုးအများဆုံးတွေ့ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုဟာ လူတစ်ရာမှာ တစ်ယောက်နှုန်းရှိနေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ခန့်မှန်းပြောဆိုထားပါတယ်။

” ပိုးတွေ့လူနာ များလာတဲ့အတွက် ထိစပ်သူတွေကလည်း တိုးလာနေတာကြောင့် Quarantine Center တွေ ထပ်တိုးဆောင်ရွက်နေတာဖြစ်တယ်၊ Quarantien Center တွေဆောင်ရွက်ရာမှာ အဓိကအခက်အခဲက သူနာပြုဆရာမ နဲ့ Volunteer တွေထားရှိဖို့အပြင် အစားအသောက်အတွက် ကုန်ကျစရိတ်တွေဖြစ်တယ်”လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကို ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ သံဃာ့ဆေးရုံ၊ ဧရာဝတီစင်တာ၊ မန္တလာဒီဂရီကောလိပ်တို့မှာ ထားရှိထားတာဖြစ်ပါတယ်။

ဒါ့အပြင် မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စာသင်ကျောင်းတွေမှာလည်း ကွာရန်တင်းစင်တာတွေ ထပ်တိုးပြင်ဆင်ထားပြီဖြစ်တယ်လို့ သိရပြီး အခုရက်ပိုင်းအတွင်း မန္တလေးခရိုင်အတွင်းမှာ တစ်ရက်ကို ကိုဗစ်ပိုးတွေ့လူနာ ၇၀၊ ၈၀၊ ၉၀ ဝန်းကျင်တွေ့ရှိနေတာလည်း ဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုမှာ ရောဂါလက္ခဏာမပြတဲ့လူနာက ၇၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးရှိနေပြီး အနံ့ပျောက်လူနာတွေက ဒုတိယအများဆုံးဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မနေ့ နိုဝင်ဘာ ၁၄ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၆၆၇၃၄ဦး၊ သေဆုံးသူ ၁၅၃၄ဦး၊ ဆေးရုံကနေဆင်းခွင့်ရသူ ၅၀၃၃၆ဦးရှိနေပြီး မန္တလေးတိုင်းအတွင်းမှာလည်း မနေ့ကညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၉၇၀ဦးနဲ့ သေဆုံးသူ ၁၇ဦးထိ ရှိနေပြီးဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကိုဗစ် #ကျူစင်တာ

Related posts

Leave a Comment

VOM News

FREE
VIEW