ပြည်မြို့မှာ နှာခေါင်းစည်း မက်စ်တပ်ဆင်မှုနည်းလာတာကြောင့် အသိပညာပေးတာတွေ ပိုလုပ်နေရ

နိုဝင်ဘာ ၁၇-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်မြို့မှာ ကိုဗစ်ကာလ မက်စ်တပ်ဆင်မှုမရှိဘဲ နေအိမ်ပြင်ပကိုထွက်နေသူတွေ များနေတာကြောင့် အသိပညာပေးမှုတွေ ပိုလုပ်နေရတယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ပြည်သူတွေအနေနဲ့က မက်စ်တပ်ဆင်အသုံးပြုမှုမှာ ၇၀ နဲ့ ၈၀ ရာခိုင်နူန်းလောက်သာရှိနေတာကြောင့် နေအိမ်အပြင်ထွက်တိုင်း မက်စ်ကို မဖြစ်မနေတပ်ဖို့အတွက် Mask Campaign တစ်ခုကို ဒီကနေ့မနက်ပိုင်းက ပြည်မြို့ရှိ မြို့မဈေး၊ ကိုးသောင်းဈေး၊ မြို့သစ်ဈေးနဲ့ မီးပွိုင့်တွေမှာပြုလုပ်ခဲ့ရသေးတယ်လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာကေခိုင်ဝင်းက ပြောဆိုပါတယ်။

“၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က တပ်တယ်။ ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အရင်ရက်က ပိုတပ်သလားလို့၊ ခုရက်ပိုင်း မက်စ်မတပ်တဲ့သူ ပိုထွက်လာတယ်။ မက်စ်မပါဘဲနဲ့ သွားတဲ့သူတွေရှိနေတယ်။ ရာနှုန်းပြည့်မလိုက်နာကြသေးဘူး။ အတတ်နိုင်ဆုံး အိမ်ထဲမှာနေလို့ရတဲ့သူက အိမ်ထဲနေတာအကောင်းဆုံးပဲ။ အပြင်ထွက်တာနဲ့ မက်စ်တပ်တဲ့အလေ့အကျင့်လေးရနေမယ်ဆိုရင် ကိုယ်အလုပ်ရှိတဲ့နေရာကိုတော့ သွားရတယ်။ ဒါပေမယ့် ရောဂါတော့မကူးးစက်ဘူးပေါ့။ ပြည်သူတွေအားလုံးက မကူးစက်အောင်လိုက်နာဖို့တော့လိုတယ်”လို့ ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။

အကယ်၍ မဖြစ်မနေ အလုပ်ကိစ္စကြောင့် အပြင်သွားရမယ်ဆိုပါက ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေထဲက မက်စ်တပ်ခြင်း၊ လက်ကိုခဏခဏဆေးခြင်း၊ လူစုလူဝေးရှိတဲ့နေရာတွေကိုရှောင်း နည်းလမ်း ၃ ချက်ကို လိုက်နာသင့်တယ်လို့ ဒေါက်တာကေခိုင်ဝင်းက ဆက်ပြောပါတယ်။

ပဲခူးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနမှူး ဒေါက်တာရန်နိုင်မောင်ကလည်း “ ဈေးသည်တွေအနေနဲ့ Mask ၊ Face Shield ကို တွဲဖက်တပ်ဆင်အသုံးပြုဖို့လိုအပ်သလို၊ ဒေသခံပြည်သူတွေအနေနဲ့လည်း မိမိကိုယ်တိုင်နဲ့ တခြားသူကိုရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ နေအိမ်အပြင်ထွက်တိုင်း Maskကို မပျက်မကွက် စနစ်တကျတပ်ဆင်ဖို့ လိုအပ်တယ်။ နောက်ပြီး ဈေးဝယ်သူတွေအနေနဲ့ ဈေးကိုမလာမီ ဝယ်ယူမယ့်ပစ္စည်းစာရင်းကို ကြိုတင်စဉ်းစားလာပြီး အမြန်ဝယ်ယူစေလိုပါတယ်၊ ဖြစ်နိုင်ပါက နေ့တိုင်း ဈေးဝယ်မထွက်ဘဲ ၂-ရက်တစ်ခါ၊ ၃-ရက်တစ်ခါသာ ဈေးဝယ်ထွက်သင့်တယ် ”လို့ သတိပေး ပြောဆိုပါတယ်။

ပြည်သူတွေ ပူးပေါင်းပါဝင်မှုရှိမှသာ ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ရောဂါကိုထိန်းချုပ်နိုင်မှုအခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။

” အပြင်ထွက် တိုင်းမက်စ်တပ်ပါတယ်။ တတ်နိုင်သမျှ မက်စ်ကိုမချွတ်မိဖို့ သတိထားတယ်။ လက်နဲ့မကိုင်မိဖို့ရောပေါ့။ တချို့က မက်စ်တပ်ပေမယ့် မေးစေ့ချိတ်တာရှိတယ်။ မတပ်ကြတာလည်းရှိတယ်။ အခုနောက်ပိုင်းတော့ နည်းနည်း လိုက်နာမှုလျော့လာတယ်ထင်တာပဲ။ သွားရင်းလာရင်းမြင်တွေ့တာတွေအရပေါ့”လို့ ပြည်မြို့ဒေသခံတစ်ဦးဖြစ်သူ မဇင်မေလေးကပြောပါတယ်။

ပြည်မြို့နယ်မှာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရသူ ၉၀ဦးအထိ ရှိထားပြီး ၊ ပြည်ခရိုင်တစ်ခုလုံးမှာတော့ ကိုဗစ်အတည်ပြုလူနာ ၂၉၂ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်မြို့မှာတွေ့ရှိတဲ့ ပိုးတွေ့လူနာတွေဟာ အများဆုံး ရန်ကုန်ကပြန်လာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားသူတွေထဲကဖြစ်တာကြောင့် တိုင်းနဲ့ပြည်နယ်တွေကနေ ပြည်ကိုဝင်ရောက်လာမယ့်သူတွေအနေနဲ့ ခိုးဝင်တာမျိုးမလုပ်ဘဲ မိမိအသိစိတ်နဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက် လာရောက်နေထိုင်ဖို့လိုအပ်တယ်လို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတိပေးပြောဆိုထားပါတယ်။

Photo-Mai Chaw Lay
#voiceofmyanmar #VOM #ပြည် #မက်စ်တပ်ဆင်မှု #ပိုသတိပေးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW