၂၀၂၀ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုပြီး ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၁၈-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှာ တရားမျှတသောရွေးကောက်ပွဲဖြစ်ပေါ်ရေးနဲ့ အမှန်တရားပေါ်ပေါက်ရေးအတွက်ဆိုပြီး ငြိမ်းစုစီခွင့်ပြုချက်နဲ့ စီတန်းလှည့်လည်တဲ့ ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလမှာ Nldပါတီရဲ့ စီတန်းလှည့်လည် အောင်နိုင်ရေးလုပ်ဆောင်ချိန်မှာပါဝင်ခဲ့တဲ့ ကျောင်းဆရာတွေကို မဲရုံမှူး ၊ ဒု-ရုံမှူး ခန့်အပ်လုပ်ဆောင်စေခြင်း ၊ အမျိုးသားကအောင်နိုင်ရေးလှည့်လည်ပြီး အမျိုးသမီးက မဲရုံမှူးအဖြစ် လုပ်ဆောင်ခြင်းတွေကို ကြုံတွေ့ခဲ့ရတာကြောင့် ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမဟုတ်ခဲ့တဲ့အတွက် အခုလို စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ ပါတီအသီးသီးကတင်ပြတဲ့ အရေးယူဆောင်ရွက်မှုတွေမလုပ်ဘဲ ရွေးကောက်ပွဲကြီးကိုကျင်းပသွားတယ်၊ အမှန်ဆို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကိုလုပ်ရမှာဖြစ်တယ်၊ ဒါကြောင့် ရွေးကောက်ပွဲကြီးက သမာသမတ်ကျရွေးကောက်ပွဲမဟုတ်ဘူးလို့ စွပ်စွဲတာပါ၊ ၂၀၂၀ရွေးကောက်ပွဲမှာဆိုရင် ဥပဒေကိုကျော်လွန်ပြီးလုပ်တဲ့ မဲဆွယ်စည်းရုံးမှုတွေဟာဆိုရင် nld ပါတီက တရားဥပဒေမဲ့ပြုကျင့်ပြီး လှည့်လည်စည်းရုံးတယ်၊ အသံချဲ့စက်တွေဖွင့်ပြီးလုပ်ဆောင်တယ်၊ နောက်တချက်က အသက်မပြေည့်သေးတဲ့ ကလေးသူငယ်တွေကို မဲထည့်ခိုင်းတယ်၊ ကျနော်တို့ငြိမ်းစုစီလုပ်တဲ့အချိန်မှာ ဝန်းရံသူတွေ၊ ထောက်ခံသူတွေကြောင့် လူများသွားတယ်၊ မြို့သစ်နဲ့နတ်မောက်အဝင်မှာ စတင်လမ်းလျှောက်တဲ့သူ ၂၅ ဦးနဲ့ အဲ့ဒီမှာလည်းထောက်ခံသူတွေလည်းရှိတယ်။ လမ်းမှာလည်းရှိတယ်။ ထောက်ခံသူတွေက များများလာတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရောက်တော့ လူအင်အား တအားများလာတော့ ကျနော် ရှေ့ဆက်မလျှောက်ရဲတော့ဘူး။ ဆက်မလျှောက်တော့ဘဲ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ကို အားနာလို့ နဂိုရည်မှန်းထားတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ထိမသွားတော့ဘဲ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့ကွင်းထဲမှာပဲ ဟောပြောပွဲလုပ်ပြီးအဆုံးသတ်လိုက်ရတယ်”လို့ ဆန္ဒပြတာကို ဦးဆောင်ပြုလုပ်သူ ဦးဇော်ဝင်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး နတ်မောက်မြို့နယ်က ဒေသခံတစ်ဦးဖြစ်သူ ကြာကန်ကျေးရွာက ကိုဇော်မင်းထိုက်က“ဆန္ဒဖော်တာက အခြေခံဥပဒေ-၃၅၄ အရ လူတယောက်က လွပ်လပ်စွာဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် အခုကိုဗစ်ကာလမှာ ကျနော်ရေကြည့်တော့ လူဦးရေက ၁၀၀ ကျော်တယ်။ လူ ၃၀ ထက်မကျော်ရလို့ အမိန့်ထုတ်ပြန်ထားတာလည်းရှိတာကို ခုလိုအချိန်မှာ မလုပ်သင့်ပါဘူး။ အဲ့ဒီ စီတန်းလှည့်လည်တဲ့သူထဲမှာ ကိုဗစ်ပိုးရှိသူတစ်ယောက်သာပါခဲ့မယ်ဆိုရင် ပိုးကိုဖြန့်သလိုဖြစ်သွားမယ်။ ဝန်းရံသူတွေများတယ်ဆိုတာ နတ်မောက်သားစစ်စစ်က ရှင်းရှင်းပြောရရင် လက်တစ်ဖက်ပြည့်အောင်မပါဘူး။ ခုချိန်မှာ လူစုလူဝေးနဲ့မလုပ်သင့်ပါဘူး”လို့ပြောပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်လှည့်လည်ပွဲကို နတ်မောက်မြို့၊ မြို့သစ်အဝင်ကနေ ဗိုလ်ချုပ်ကျောက်ရုပ်အထိ လမ်းလျှောက်ခဲ့ပြီး ဟောပြောမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo-ဇော်မင်းထိုက်
#voiceofmyanmar #VOM #နတ်မောက်

Related posts

Leave a Comment

VOM News

FREE
VIEW