ချောင်းဦးမြို့မှာ နိုင်ငံတော်ထောက်ပံ့ကြေးပေးတာ မျှတမှုမရှိလို့ ဆန္ဒပြ

နိုဝင်ဘာ ၁၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဒေသခံပြည်သူတွေဟာ နိုင်ငံတော်က ထောက်ပံပေးတဲ့ အခြေခံလူတန်းစားထောက်ပံ့ကြေးငွေနဲ့ ပတ်သက်လို့ မျှတမှုမရှိလို့ဆိုပြီး ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီက ချောင်းဦးမြို့ပေါ်တက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ကွာကွာအနေအထားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

” ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ နိုင်ငံတော်က အခြေခံလူတန်းစားထောက်ပံ့ကြေးငွေ ပေးတဲ့အခါတိုင်း အုပ်ချုပ်ရေးမှူးတွေက ပွင့်လင်းမြင်သာစွာ ချပြတာမရှိဘူး၊ ပွင့်လင်းမြင်သာမှုဆိုတာ ရွာအတွက် ဘယ်လောက်ရတယ်၊ အခြေခံလူတန်းစား အိမ်ထောင်မိသားစု အမည်စာရင်းက ဘယ်သူတွေပါတယ် ဘယ်သူတွေကတော့ မပါဘူး၊ မပါဘူးဆိုရင်လည်း ဘာကြောင့် မပါတာဆိုတဲ့ အကြောင်းပြချက်ရှိရမယ်၊ စာရင်းဇယား အတိအကျပြုစုပြီး အများသိသာ မြင်သာအောင် မလုပ်ကြတာကို ပြောတာပါ”လို့ ဆန္ဒပြရာမှာ လိုက်ပါလာသူ ဆင်မြေကျေးရွာသား ဦးဇော်ဝင်းက ပြောပါတယ်။

ဆန္ဒပြသူတွေက အဂတိမကင်းသော အုပ်ချုပ်ရေးမှူးများအား အရေးယူပေးရေး၊ အခြေခံလူတန်းစား ထောက်ပံ့ကြေးငွေ တန်းတူရရှိရေး စတဲ့ လက်ကိုင်ပိုစတာတွေကိုင်ဆောင်ပြီး ဒေသခံပြည်သူ ၃၀နီးပါးက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို စီတန်း ဆန္ဒပြဖို့ကိုလည် ဆန္ဒပြ ဦးဆောင်သူတွေက နိုဝင်ဘာ ၁၆ ရက်က သက်ဆိုင်ရာကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

ချောင်းဦးမြို့နယ်ဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ရတဲ့ ဒေသဖြစ်ပြီး ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာပေါင်း ၈၉ ရွာရှိတဲ့အပြင် ဒေသခံပြည်သူအများစုဟာ အခြေခံလူတန်းစားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်ထောက်ပံကြေးငွေ နဲ့ပတ်သက်ပြီး မြို့နယ်အလိုက် တိုင်ကြားစာ ဖြေရှင်းရေးအဖွဲ့တွေ ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် တိုင်ကြားစာဖြေရှင်းရေးတာဝန်ခံ ဦးအောင်အေးခန့် ကို VOMက ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ချောင်းဦး #ထောက်ပံ့ကြေးကိစ္စ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW