ထောက်ပံ့ကြေး ၄ သောင်းတောင်းတဲ့ အမျိုးသမီးကို ရာအိမ်မှူးမိသားစုဝင်တွေက ဝိုင်းရိုက်

နိုဝင်ဘာ ၁၈-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀/၆၁ရပ်ကွက်မှာ မနေ့ နိုဝင်ဘာ ၁၇ရက်နေ့က နိူင်ငံတော်ထောက်ပံ့ငွေ၄သောင်း သွားတောင်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ရာအိမ်မှူးရဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်ခဲ့တဲ့အတွက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

၆၀/၆၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ပံ့ငွေလေးသောင်းမရရှိတဲ့အတွက် ရာအိမ်မှူးထောက်ခံချက်ပြန်လည်ယူခိုင်းရာကနေ ရာအိမ်မှူးရဲ့မိသားစုဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်အမျိုးသမီးက VOMကိုပြောပါတယ်။

“ကျွန်မ ထောက်ပံ့ကြေးမရလို့ အုပ်ချုပ်ရေးမှူးရုံးသွားတာ၊ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးကို ဖုန်းဆက်ပြီး မင်းမှာပေးဖို့ငွေမရှိရင် ငါစိုက်ပေးမယ်။ သူ့ကိုသာ ထောက်ခံပေးလိုက်လို့ပြောတာ၊ သွားပြောတော့ သူယောက်ခမနဲ့ သူမိန်းမက ရန်လုပ်ပြီးဝိုင်းရိုက်တာ”လို့ ကာယကံရှင်အမျိုးသမီးက ရှင်းပြပါတယ်။

ရိုက်နှက်ခံရသူအမျိုးသမီးဟာ အရင်က နယ်မြေအပိုင် (၅) နေထိုင်ရာကနေ တစ်လမ်းတည်းရှိ နယ်မြေအပိုင်(၇) အတွင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

တစ်လမ်းတည်းဖြစ်ပေမယ့် အပိုင်(၇)တာဝန်ရှိသူက အရင်နေခဲ့တဲ့ အပိုင်(၅)ထဲမှာ ထုတ်ယူရမယ်လို့ ပြောတဲ့အတွက် အပိုင်(၅)တာဝန်ရှိသူ ဦးဇော်နိုင်ဦးကိုသွားရောက်မေးမြန်းရာ နှစ်ဖက်အခြေအတင်ဖြစ်ပွားခဲ့ပြီး အခုလိုရိုက်နှက်ခဲ့ခြင်းဖြစ်တယ်လို့ အမှတ် ၆၀/၆၁ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

အမှတ် ၆၀/၆၁ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဌေးက “ဖြစ်စဉ်ကတော့ အမှန်ပါပဲ။ကောင်မလေးကလည်း ရဲစခန်းတိုင်ထားပါတယ်။ လက်ရှိမှာလည်း ရာအိမ်မှူးကို ရုံးမှာခေါ်ပြီးဖြေရှင်းနေတယ်”လို့ VOMကို ပြောပါတယ်။

ဝိုင်းဝန်းရိုက်နှက်ခံရသူအမျိုးသမီးမှာ ထိခိုက်ဒဏ်ရာတွေရခဲ့တဲ့အတွက် ဆေးရုံကနေဆေးစာယူပြီး ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းကို ရာအိမ်မှူး ဦးဇော်နိူင်ဦးရဲ့ ယောက်ခမနဲ့ မိန်းမဖြစ်သူကို တိုင်ကြားထားတယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားကြောင်း အဲ့ဒီရာအိမ်မှူး ဦးဇော်နိူင်ဦးကို တာဝန်ကနေ ရပ်နားဖို့ညွန်ကြားလာပါက အရေးယူဆောင်ရွက်သွားမယ်လို့ ၆၀/၆၁ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဌေးက VOMကိုပြောပါတယ်။

Photo – Ko Chit
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW