မဲမသမာမှုမရှိဘူးလို့ ပြောဆိုခဲ့သူ ရွေးကောက်ပွဲတာဝန်ရှိသူကို ဒေါ်နယ်ထရန့် ထုတ်ပယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့အပေါ် သူ့ကိုဆန့်ကျင်တဲ့ ရွေးကောက်ပွဲထိပ်တန်း တာဝန်ရှိသူတစ်ဦးကို ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။

ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အဦလုံခြုံရေးဌာနရဲ့ အကြီးအကဲ Chris Krebs ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မမှန်မကန်မှတ်ချက်ပြုပြောဆိုခဲ့တာကြောင့် တာဝန်ကနေ ရပ်စဲလိုက်တာလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

မစ္စတာထရန့်ဟာ ရွေးကောက်ပွဲကနေ ရှုံးနိမ့်ကြောင်းကို ဝန်ခံဖို့ ငြင်းဆန်ထားပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေမပြနိုင်ပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေကတော့ ဒီနှစ်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အလုံခြုံဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကာကွယ်ရေးဝန်ကြီး Mark Esper ကိုရာထူးကနေထုတ်ပယ်ခဲ့ပြီး Chris Krebs ကတော့ နောက်ဆုံးထုတ်ပယ်ခံလိုက်ရတဲ့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW