ထောက်ပံ့ကြေးလေးသောင်းကိစ္စ ရုံးတံဆိပ်အတုပြုလုပ်ပြီး ရောင်းချနေသူကို အုပ်ချုပ်ရေးမှူးက အမှုဖွင့်

နိုဝင်ဘာ ၁၉-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်-၆ရပ်ကွက်မှာ ထောက်ပံ့ကြေးငွေလေးသောင်းရရှိရေးအတွက် လျှောက်ထားရမယ့် အိမ်ထောင်စုဧည့်စာရင်း အတု၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆပ်တုံးအတုတွေ ပြုလုပ်ပြီး ရောင်းချနေသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူက အမှုဖွင့်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။

အမှတ်-၆ရပ်ကွက်မှာနေတဲ့ ပြည်သူတစ်ဦးကတော့ ” ထောက်ပံ့ကြေးငွေရအောင် ဧည့်စာရင်းစာရွက်တွေ အတုလုပ်လို့ ဖမ်းတယ်ပြောတာပဲ၊ ၁၆ရက်နေ့ကဖြစ်မယ် ကျန်တာတော့မသိဘူး”လို့ VOMကိုပြောပါတယ်။

အတုပြုလုပ်ခဲ့သူ ဦးနိူင်ဝင်းဆိုသူဟာ အိမ်ထောင်စုဧည့်စာရင်း အတု၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆပ်တုံးအတုတွေပြုလုပ်ပြီး တစ်စောင်ကို ၁၀၀ကျပ်နဲ့ ရောင်းချနေချိန် ဖမ်းဆီးရမိတာဖြစ်တယ်လို့ အမှတ်၆ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအေးက VOMကိုပြောပါတယ်။

“အတုပြုလုပ်ထားတဲ့ စာရွက်(၂၆၂) ရွက်နဲ့မိတာပါ၊ လက်တလောတော့ ရဲစခန်းမှာ ပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်ထားပါတယ်”လို့ ဦးသန်းအေးကပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ဦးနိူင်ဝင်းဆိုသူကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၄၆၄၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၂၀/၄၆၈ အရ လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုတို့နဲ့ အမှုဖွင့်ပြီး ဆက်လက်စစ်‌ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမှတ်(၆)ရပ်ကွက်မှာ ထောက်ပံကြေးငွေလေးသောင်းကိစ္စနဲ့ လူစုလူဝေးဖြစ်နေပြီး လူအင်အား တစ်ထောင်ကျော်ခန့်ရှိနေပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအေးက”အခုလာလျှောက်တဲ့သူတွေက လစာစားရော၊ ပင်စင်သမားရော၊ စက်ရုံဆင်းတဲ့သူရော လာလျှောက်ကြတာ၊ သွားလည်း မပြောရဲဘူး၊ လက်ရှိအခြေအနေမှာ အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူတွေ အဆဲခံဘဝဖြစ်နေတာ”လို့ ရှင်းပြပါတယ်။

နိူင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးငွေလေးသောင်းကို တစ်ကြိမ်မှ မရရှိဖူးတဲ့သူတွေကို နိူင်ငံတော်ကပြဌာန်းထားတဲ့ အချက် ၁၆ချက်နဲ့အညီပေးအပ်ဖို့ ပြောဆိုထားတဲ့အပြင် နိူင်ငံတော်က လူတိုင်းရရှိရမယ်ဆိုတဲ့ ပြောစကားကြောင့် အောက်ခြေမှာအခုလို အခက်အခဲတွေဖြစ်ပေါ်နေရတယ်လို့ အမှတ်-၆ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ပြောပါတယ်။

လှိုင်သာယာအရှေပိုင်းမြို့နယ်မှာ ထောက်ပံ့ကြေးငွေလေးသောင်းကိစ္စနဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ဆန္ဒဖော်ထုတ်ခြင်းများ၊ တိုင်တန်းခြင်းများရှိနေတဲ့အတွက် စာရင်းတွေမှန်ကန်မှုစေဖို့ ရပ်ကွက်တစ်ခုကို မြို့နယ်ထွေအုပ်မှ ဦးစီးအရာရှိ၊ ရပ်မိရပ်ဖ၊Volunteer၊ရပ်
ကျေးစာရေး၊ရပ်ကွက်အုပ်ချုပ်ရေးမှုး စတဲ့ ၅ ဦးကော်မတီ ဖွဲ့စည်းကာ တာဝန်ပေးအပ်ထားကြောင်း လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

Photo – Si Thu Maung
#voiceofmyanmar #VOM #ရန်ကုန် #ရုံးတံဆိပ်အတု #ထောက်ပံ့ကြေး #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW