မြဝတီမြို့က ဆေးရုံအုပ်ကြီး နဲ့ တပည့်ဖြစ်သူမှာ ကိုဗစ်ရောဂါပိုးတွေ့

နိုဝင်ဘာ ၁၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ မြဝတီဆေးရုံအုပ်ကြီးတာဝန်ကနေ ကိုဗစ် ဒုတိယလှိုင်း ပြင်းထန်ချိန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို နှစ်လနီးပါးခန့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းနဲ့ သားတပည့်ဖြစ်သူတစ်ဦးတို့မှာ Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူဆီကနေ စုံစမ်းသိရှိရပါတယ်။

” မနေ့ညက ကျွန်တော်နဲ့သားဖြစ်သူတို့ မသင်္ကာလို့ ရောဂါပိုးစစ်ဆေးချိန် Positive ဖြစ်တာပါ ။လက်တစ်လောမှာ အနည်းငယ်မောပန်းနေပါတယ်။ ကိုဗစ်က အလစ်ငိုက်တိုက်ခံလိုက်ရသလိုပါပဲ”လို့ ကာယကံရှင်ဖြစ်သူ ဒေါက်တာနန္ဒဝင်းကပြောပါတယ်။

မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းဟာ အခုနှစ်ဆန်းပိုင်းခန့်က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ဆေးရုံကြီးကနေ ကရင်ပြည်နယ်၊မြဝတီမြို့ဆေးရုံကြီးကို ရွှေ့ပြောင်းလာတာဖြစ်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလမှာတော့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ မြဝတီကို ပြန်ရွှေ့ပြောင်းခဲ့ချိန် အခုလို ရောဂါပိုးတွေ့ရတာဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ နေ့၊ည ဆက်တိုက်တာဝန်ထမ်းဆောင်ချိန် ရောဂါပိုး ကူးစက်နိုင်ခြေရှိခဲ့ပေမယ့်လည်း level-2 အဆင့် PPEဝတ်စုံ အမြဲဝတ်ဆင်ထားတတ်တာကြောင့် ရောဂါကူးစက်မှုမရှိခဲ့ပေမယ့် မြဝတီမြို့ကို‌ ပြန်ရောက်ချိန် နိုဝင်ဘာ ၁၈ ရက်ညပိုင်းက သားဖြစ်သူနဲ့အတူ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိ မြဝတီဆေးရုံကြီးမှာ ကုသမှုခံယူနေရတဲ့ ဒေါက်တာနန္ဒဝင်းနဲ့ သားတပည့်ဖြစ်သူတို့နှစ်ဦးထဲက ဆရာကြီး ဒေါက်တာနန္ဒဝင်းဟာ ကြွက်သားညောင်းကိုက်လာပြီး မောပမ်းနေတဲ့လက္ခဏာအချို့ရှိနေသလို သားတပည့်ဖြစ်သူမှာလည်း ရင်ဘတ်နာကျင် ဝေဒနာအချို့ရှိနေတယ်လို့ သိရပါတယ်။

သူတို့၂ဦးနဲ့ ထိတွေ့ထားသူ မြဝတီဆေးရုံကြီးရှိ ဝန်ထမ်းတွေမှာလည်း ကိုဗစ်ပိုး မတွေ့ရဘူးလို့ စုံစမ်းသိရှိရပါတယ်။

ပြည်တွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုမြင့်တက်နေချိန် ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဆရာဝန်၊ သူနာပြုနဲ့ အခြားအဆင့်ဝန်ထမ်းတွေ ရောဂါပိုးကူးစက်ခံရမှုအနေထားနဲ့ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီးဆီကို Voice Of Myanmar က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ‌ဖြေကြားနိုင်တဲ့အနေအထားမရှိသေးတာကြောင့် နေ့လယ်ပိုင်းမှပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၇ မြို့ နယ်မှာ ကိုဗစ်ကာလ ရောဂါပိုးတွေ့လူနာပေါင်း (၅၆၈)ဦးရှိခဲ့ပြီး နိုဝင်ဘာ ၁၈ရက်နေ့က Covid-19 အတည်ပြုလူ နာ ၁၈ ဦးရှိကာ ဆေးရုံတွေနဲ့ကြပ်မတ်ကုသဆောင်တွေမှာ စောင့်ကြည့်ကုသမှု ခံယူနေရသူ (၁၆၂)ဦးနဲ့ ဆေးရုံဆင်းလူနာ (၄၀၆) ဦးရှိတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
ထုတ်ပြန်ထားပါတယ်။

Photo – Nanda Win (FB)
#voiceofmyanmar #VOM #ကရင် #ဆရာဝန်ကြီးတစ်ဦး #တပည့်ဖြစ်သူ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW