ရန်ကုန်တိုင်းရွေး/ကော်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌအပါအဝင် ဝန်ထမ်း ၈၀ ကျော် ကိုဗစ်ကူးစက်ခံထားရ

နိုဝင်ဘာ ၂၀-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ကော်မရှင် အဖွဲ့ခွဲရုံးတွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ချိန်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ ထုတ်ပြန်ထားပါတယ်။

“စာရင်းကတော့ ကျနော်တို့ နိုဝင်ဘာ ၁၈ရက်နေ့က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အဲ့ဒီစာရင်းထဲကပဲ ကြည့်ရေးလိုက်ပါ”လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်အေးက VOMကိုပြောပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူတွေကတော့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် အယောက်၃၀၊ ဝန်ထမ်း၈ယောက်နဲ့ မဲရုံအဖွဲ့ဝင် ၃၃ဦး၊ ကော်မရှင်ဝန်ထမ်း ၈ဦး၊ ကော်မရှင်ဝန်ထမ်းမိသားစု ၁၂ဦး စုစုပေါင်း ၈၂ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာလည်း ခရိုင်ကော်ရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၀ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး အခုလက်ရှိမှာတော့ ကျန်းမာရေးပြန်ကောင်းနေပြီဖြစ်တယ်လို့ မြောက်ပိုင်းခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မွှေးက VOMကိုပြောပါတယ်။

“ကူးတာက ကျနော်ကိုယ်တိုင်ပဲဗျ၊ အခု ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ”လို့ ဦးမောင်မွှေးကပြောပါတယ်။

တောင်ပိုင်းခရိုင်အတွင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ မဲရုံဝန်ထမ်း ၃ဦး ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ထုတ်ပြန်စာမှာဖော်ပြထားပေမယ့် အဲ့ဒီကိစ္စကို သိရှိခြင်းမရှိသေးဘူးလို့ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစိုးမင်းကပြောပါတယ်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်မှ ကိုဗစ်ရောဂါပိုးတွေ့ပြီး အသွားအလာကန့်သတ်ထားတဲ့ လူဦးရေ ၆၅ ဦးရှိတယ်လို့လည်း သိရပါတယ်။

Photo- ဇေယျာချမ်းအေး
#voiceofmyanmar #VOM #ရန်ကုန် #တိုင်းရွေးကော် #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW