တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတဲ့စာသားကို တဆင့်ပြန်Shareခဲ့တဲ့ ဝေါဒေသခံတစ်ဦးကို တပ်မတော်က ၆၆(ဃ)နဲ့ အမှုဖွင့်

နိုဝင်ဘာ၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့ ဒေသခံအမျိုးသားတစ်ဦးကို တပ်မတော်ရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့စာသားတွေကို လူမှုကွန်ရက်စာမျက်နှာ(FaceBook)ကတဆင့် ပြန်လည်ဖြန့်ဝေ(Share)ခဲ့တယ်ဆိုပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်ခဲ့တယ်လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ရဲစိုးကပြောပါတယ်။

” Facebook မှာ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေတဲ့စာတွေ Share ရှယ်လို့ဆိုပြီး နယ်မြေခံတပ်ရင်းတစ်ခုက တပ်မတော်အရာရှိတစ်ဦးက လာအမှုဖွင့်ခဲ့တာပါ။ ဖုန်းသိမ်းဆည်း ချိတ်ပိတ်ပြီး ရဲတပ်ဖွဲ့ဌာနချုပ်တာဝန်ရှိသူတွေကို ပေးပို့စစ်ဆေးဖို့ပြင်ဆင်နေပါတယ်”လို့ ဒု-ရဲမှူး ရဲစိုးကပြောပါတယ်။

ဝေါမြို့နယ်၊ ကြာလဟာကျေးရွာမှာနေတဲ့ ဆန်စက်လုပ်သား၊ Facebook စာမျက်နှာမှာ Unay Unay နာမည်နဲ့အသုံးပြုတဲ့ နေဝင်း‌အောင်ဆိုသူဟာ Zin Min Htunအကောင့်ပိုင်ရှင်(စုံစမ်းဆဲ) ရေးတင်ထားတဲ့ Postတစ်ခုကို သိသင့်တယ်ထင်လို့ပါဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ “လွှတ်တော်ထဲ တပ်မတော်သားတွေ ဝင်ထိုင်နေပေမယ့်လည်း စစ်သားများနစ်နာမှုနဲ့အခွင့်ရေးချိုးဖောက်ခံရခြင်းကို တင်ပြ‌တောင်းဆိုခြင်းမပြုတယ့်အပြင် စစ်ရေးဗျုဟာအမှားများကိုလုပ်ခြင်းကြောင့် စစ်သားများကျဆုံးရခြင်း” စတဲ့ တပ်မတာ်ကို ဝေဖန်တဲ့စာတွေနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ဂုဏ်သိက္ခာထိခိုက်ပြီး အသရေပျက်တဲ့ စာတွေကို စက်တင်ဘာ ၁၄ ရက်ည ၈ နာရီခန့်က ပြန်လည်ဖြန့်ဝေထားတာကြောင့် တပ်မတော်အမှတ်-၁ အင်အားဖြည့်တင်းရေးနဲ့ ပြန်လည်နေရာချထားရေးတပ်(ပျဉ်ပုံကြီး)မှ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ ဝေါမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဝေါမြို့မရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး နေဝင်းအောင်ဆိုသူကို ဝေါမြို့မရဲစခန်းမှ (ပ)၂၇၅/၂၀၂၀၊ ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ အမှုဖွင့် တရားစွဲဆိုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝေါ #တပ်မတော် #ဆက်သွယ်ရေးပုဒ်မ

Related posts

Leave a Comment

VOM News

FREE
VIEW