ထိပ်တန်းနျူးကလီးယားပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှု လက်တုံ့ပြန်သွားမယ်လို့ အီရန်ကတိပြု

တီဟီရန်၊ နိုဝင်ဘာ ၂၈-၂၀၂၀
မျိုးဆက်(VOM)

အီရန်နိုင်ငံ မြို့တော်တီဟီရန်အနီးမှာ ထိပ်တန်းနျူကလီးယားပညာရှင် မို့ဆန်ဖာခရီဇာဒက်ကို နိုဝင်ဘာ ၂၇ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမယ်လို့ အီရန်က ကတိပြုပြောဆိုလိုက်ပါတယ်။

ဒမ်မက်ဗန့်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုပြီးနောက် အီရန်နျူးကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို မိုးကြိုးပစ်သလိုမျိုးပုံစံမျိုးနဲ့ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီရဲ့ စစ်ရေးအကြံပေးဖြစ်သူ ဟူစိန်ဒက်ဂန်က အခိုင်အမာဆိုပါတယ်။

သေဆုံးသူ နျူကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ အီရန်နျူကလီးယားအစီအစဉ်ရဲ့ နောက်ကွယ်မှ အဓိကကြိုးကိုင်သူလို့ အနောက်အုပ်စုထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။ အီရန်ကတော့ သူရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးရည်ရွယ်ချက်သာရှိတယ်လို့ ဆိုထားပါတယ်။

လုပ်ကြုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က တောင်းဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စရေးကကျူးလွန်ခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုထားပြီး ဒီကိစ္စမှာ အစ္စရေးရဲ့အခန်းကဏ္ဍ အလေးအနက်ထုတ်ဖော်ပြောဆိုနေပါတယ်။

အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နျူကလီးယားပညာရှင် ဖာခရီဇာဒက်ရဲ့အမည်ကို အတိအကျထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW