စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ငါးဖမ်းရာက ကျေးရွာ ၄ ရွာ သောက်သုံးရေညစ်ညမ်းမှုဖြစ်ပေါ်

နိုဝင်ဘာ ၂၉-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာရှိတဲ့ အမှတ် (၄) စီမံကိန်းတူးမြောင်းကို အင်းသားကြီးတွေက ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့အတွက် ရွာ ၄ ရွာမှာသောက်သုံးရေတွေ ညစ်ညမ်းနေရတယ်လို့ ဝါးခယ်မမြို့နယ်၊ ကျုံပဒုတ်ကျေးရွာမှ ရပ်မိ ရပ်ဖ ဦးဇော်ဇော်သန်းက ပြောပါတယ်။

“အမှတ် ၄ တူးမြောင်းကို ဝါဆိုလကတည်းက ပိတ်လိုက်တာဖြစ်ပါတယ်၊ ဒီလိုပိတ်လိုက်တော့ ရေစီးရေလာ မကောင်းတော့ပါဘူး။
တူးမြောင်းကို အင်းသားကြီးက ယင်းတွေနဲ့ ပိတ်လိုက်တဲ့အတွက် ရေစီးရေလာ မကောင်းတော့ဘဲ တူမြောင်းတစ်လျှောက် ပြည်သူတွေမှာ ဒုက္ခတွေ့နေပါတယ်၊ ရေတွေပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ရွာသူ ရွာသားတွေလည်း ဒုက္ခတွေ့နေရပါတယ်”လို့ ကျုံပဒုတ်ကျေးရွာမှ ရပ်မိရပ်ဖ ဦးဇော်ဇော်သန်းက ပြောပါတယ်။

ဝါးခယ်မမြို့နယ် အမှတ် ၄ စီမံကိန်း တူးမြောင်း တစ်လျှောက်မှာ ကျုံပဒုတ်ချောင်းဝ၊ မနန်းတုတ်၊ အိုင်ကြီးနဲ့ အဒွန်း စတဲ့ကျေးရွာတွေတည်ရှိပြီး တူးမြောင်ကရေကို အသုံးပြုသောက်သုံးနေရတယ်လို့ သိရပါတယ်။

ကျုံပဒုတ်ချောင်းဝမှာ အင်းသားကြီးတွေက တူမြောင်းကို ယင်းတွေနဲ့ ပိတ်ဆို့ထားမှုကြောင့် စပါးခင်းအတွင်း ရေဝင်ကာ စပါးတွေရိတ်သိမ်းမရတော့ဘဲ ပျက်စီးကုန်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ လျှပ်စစ်၊ စက်မှု ၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကို အခုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရာမှာတော့ “ကျွန်တော်တို့ ဒီကိစ္စကို မြေပြင်အခြေအနေကို ကြည့်လိုက်ပါ့မယ်၊ စစ်ဆေးပေးပါ့မယ်၊ ဒီလောက်ဘဲပြောနိုင်ပါဦးမယ်၊ ဆောင်
ရွက်ပေးပါ့မယ်”လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ တူးမြောင်းပိတ်ဆို့ထားတာကို သက်ဆိုင်ရာဌာနတွေဆီကို စာတင်ထားပေမယ့် ဒီကနေ့အချိန်ထိ သက်ဆိုင်ရာက ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အမှတ် ၄ တူးမြောင်းကို ၂၀၂၀ခုနှစ် သြဂုတ်လကနေ စတင်ပိတ်လိုက်တာကြောင့် တူးမြောင်းကိုမှီခိုပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူ အများဆုံး နေထိုင်တဲ့ကျေးရွာ ၄ ရွာက ဒေသခံတွေ နဲ့ လယ်ဧက ၄ထောင်ကျော်ဟာ ရေစီးရေလာ မကောင်းတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင်
ကျန်းမာရေးထိခိုက်မှုတွရှိလာနိုင်တယ်လို့ ဒေသခံတွေပြောပြချက်အရ သ်ိရပါတယ်။

#voiceofmyanmar #VOM #၀ါးခယ်မ

Related posts

Leave a Comment

VOM News

FREE
VIEW