ပြည်နယ် ပြည်မက သူတို့ဆန္ဒ

ဒီဇင်ဘာ ၃-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

သက်တမ်းကုန်တော့မယ့် NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျေနပ်အားရသူရှိသလို ထင်သလောက်ခရီးမပေါက်ဘူးဆိုသူတွေလည်း ရှိကြပါတယ်။ ဒါ့ကြောင့်လည်း နောက် ၅နှစ် ဆက်ခိုင်းကြည့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ NLD ကိုတခဲနက် ပုံအောမဲပေးခဲ့လို့ NLD နောက်တကြိမ်အနိုင်ရခဲ့ပြန်ပါပြီ။ ခုမဲပေးခဲ့သူတွေ သူတို့ဆန္ဒနဲ့ တထပ်တည်းကျရဲ့လား  နောက်တက်လာမယ့် အစိုးရအပေါ် မျှော်လင့်ချက်တွေ ဘယ်လိုရှိသလဲဆိုတာ VOM သတင်းထောက်တွေမေးမြန်းထားတဲ့ထဲက ထုတ်နုတ်တင်ပြလိုက်ပါတယ်။

 

အမရပူရဒေသခံတဦးဖြစ်တဲ့ ဒေါ်မော်မော်ဌေးက လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်တယ်လို့ ဆိုပါတယ်။ NLD အစိုးရလက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေး ကောင်းလာပြီး ကလေးတိုင်းကျောင်းနေနိုင်အောင် ဆောင်ရွက်ပေးခဲ့တာကကောင်းမွန်တဲ့ အချက်ပဲလို့ ပြောပါတယ်။ နောက်လာမယ့် အစိုးရသက်တမ်းမှာလည်း ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို တိုးမြင့်ရေးအတွက် ဆက်လက်ဆောင်ရွက်စေချင်တယ်လို့ အစိုးရအသစ်အပေါ် သူ့မျှော်လင့်ချက်ကို ပြောခဲ့ပါတယ်။

 

ရွေးကောက်ပွဲမှာ ကိုယ်အနိုင်ရစေချင်တဲ့သူတွေ နိုင်လာတဲ့အတွက် ရလာဒ်ကို ကျေနပ်တယ်လို့ မန္တလေးမြို့ဒေသခံတဦးဖြစ်တဲ့ဒေါ်ဝင်းမာက ပြောပါတယ်။ “အစိုးရက လူတွေရဲ့ လိုအင်တွေအားလုံးဖြည့်ဆည်းပေးမယ်လို့ ယုံကြည်တယ်”လို့ နောက်တက်မယ့် အစိုးရအပေါ် မျှော်လင့်ချက်နဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

 

နယ်မြေအေးချမ်းတဲ့ တိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပနိုင်ခဲ့ပေမယ့် စစ်မီးတောက်နေတဲ့ရခိုင်ပြည်နယ်က မြို့နယ် ၉ခုမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။ အဲ့ဒီအပေါ်မှာ ရခိုင်ဒေသခံတွေအနေနဲ့ ဆုံးရှုံးမှုအကြီးဆုံးတရပ်လို့ ခံစားနေရတဲ့အကြောင်း ရခိုင်က စစ်ဘေးရှောင်တွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးစိုးဝင်းနိုင်က ပြောပါတယ်။ ကိုဗစ်ရောဂါကြောင့်အပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့် ပြည်နယ်ရဲ့ စီးပွားရေးကျဆင်းလာတဲ့အပြင် ဒေသခံတွေမှာလည်း အခြားမြို့ရွာတွေမှာ စစ်ဘေးရှောင်နေရတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့ မရဘူးလို့ လည်းပြောပါတယ်။ သူ့ဆန္ဒကတော့ အစိုးရအနေနဲ့ စစ်ရှောင်တွေနေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ လုပ်ဆောင်ပေးသင့်ကြောင်းလည်း ဆိုပါတယ်။

 

ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဖြစ်တဲ့ ဒေါ်ညိုအေးကလည်း ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကို မပိတ်ပင်သင့်ဘဲ ပိတ်ပင်ခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်ကို ရောက်မယ့်် ကိုယ်စားလှယ်ဦးရေ နည်းပါးသွားတာကြောင့်ရခိုင်ပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လတ်တလောအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘောင်ကျယ်နေပြီး စစ်ဘေးရှောင်တွေ များပြားလာတာကြောင့် စစ်ပွဲတွေ ရပ်စေချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ရခိုင်ဒေသခံတဦးဖြစ်တဲ့ အမျိုးသမီးရေးဆောင်ရွက်သူ မသီရိရည်မွန်ကတော့ ရခိုင်ဒေသဟာ စစ်ပွဲတွေမရှိခင်ကတည်းကဆင်းရဲမွဲတေမှုတွေကြောင့် ငြိမ်းချမ်းရေးမရှိခဲ့ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။ နောက်တက်မယ့်အစိုးရအနေနဲ့ အရင်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ အခြေအနေတွေလိုမျိုး‌ ထပ်မဖြစ်စေချင်တော့ဘူးလို့ လာမယ့်အစိုးရအပေါ် သူ့မျှော်လင့်ချက်ကို ပြောပါတယ်။

 

မြစ်ကြီးနားဒေသခံတဦးဖြစ်တဲ့ ဒေါ်ထုစံကတော့ ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲစေချင်ပြီး ပြောင်းလဲနိုင်မှာလည်း NLD တပါတီထဲသာရှိတယ်လို့ သူ့အမြင်ကို ပြောပါတယ်။ တိုင်းရင်းသားပါတီတွေကို အနိုင်ရစေချင်ပေမယ့် ပါတီတွေကွဲနေတာကြောင့်အောင်မြင်မှုမရဘဲ စစ်အာဏာရှင်ခေတ်ကို ပြန်ရောက်သွားမှာစိုးတဲ့အတွက် ပြည်ထောင်စုအဆင့်မှာ NLD ကိုပဲ မေးပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။ ဒေသနဲ့ပတ်သက်ရင်တော့ ကိုယ့်တိုင်းရင်းသားပါတီကပဲ သိရှိနားလည်ခံစားနိုင်မှာဖြစ်တယ်လို့လည်းသူကမြင်ပါတယ်။ ပင်လုံစာချုပ်အတိုင်း အားလုံးအတူယှဉ်တွဲနေထိုင်တာမျိုးဖြစ်စေချင်ပြီး စစ်ပွဲတွေလည်း ရပ်စေချင်ပြီလို့အစိုးရသစ်အပေါ် သူ့မျှော်လင့်ချက်ကို ပြောပြပါတယ်။

 

“ပင်လုံစာချုပ် စစ ပေါ်လာတဲ့၊ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ စစပေါ်လာတဲ့ အချိန်ပေါ့နော်။ အဲ့ဒီကအတိုင်းပဲ ကျမတို့ တပြေးတည်း၊ အတူနေထိုင်တာတော့ အားလုံးအတူနေထိုင်ကြတာပေါ့နော် အဲ့လိုမျိုးဖြစ်စေချင်တယ်။ အခုနောက်ပိုင်းကျတော့ ပြုပြင်ပြောင်းလဲမှုတွေက အမျိုးမျိုးဖြစ်သွားတာပေါ့နော်။ အဲ့ဒီအပေါ်မှာတော့ နည်းနည်းစိုးရိမ်မိတာပေါ့” လို့ ပြောပါတယ်။

 

 

မြစ်ကြီးနားဒေသခံ ဦးလနန်က တိုင်းရင်းသားတွေနဲ့ ညီတူမျှတူ ခံစားခွင့်ရှိတဲ့ အခြေအနေမျိုးဖြစ်လာရင် ကောင်းတယ်လို့ မြင်ပါတယ်။ အခုအစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှု အရင်ထက် များလာတဲ့အတွက် အရင်ထက်စာရင် နည်းနည်းပိုကောင်းလာတယ်လို့လည်း ဆက်ပြောပါတယ်။

 

 

မြစ်ကြီးနားဒေသခံ ဒေါ်မေရီထွယ်ဘူကတော့ လူတိုင်း ကိုယ့်အခွင့်အရေးတွေကို သိစေချင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာစီးပွားရေးတ်ငြိမ်စေချင်ပြီး ကုန်သည်တွေ ဈေးကစားတာမျိုးကို ထိန်းသိမ်းပေးဖို့ အစိုးရအပေါ် မျှော်လင့်နေပါတယ်။

 

 

နိုင်ငံရေးလေ့လာသူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက နောက်လာမယ့်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖြစ်စေလိုပြီး NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီက တိုင်းရင်းသားတဦးကို ဒုသမ္မတအနေနဲ့ ကမ်းလှမ်းသင့်တယ်လို့ ဆိုပါတယ်။အစိုးရအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင်ထုတ်ပြန်ဖို့လိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုလည်း သုံးလေးငါးဆတိုးပြီးလုပ်ဖို့လိုတယ်လို့ အစိုးရသစ် ဆောင်ရွက်စေချင်တဲ့အချက်တွေကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ သက်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးယူလိုက်တဲ့အတွက် လွှတ်တော်က အစိုးရအောက်ရောက်တဲ့ သဘောသက်ရောက်သွားပြီး နောက်သက်တမ်းမှာတော့ လွှတ်တော်အားကောင်းရေးကို ပိုလုပ်ဆောင်သင့်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

 

VOM က မေးမြန်းထားတဲ့ ပြည်သူတွေထဲမှာ နယ်မြေအေးချမ်းတည်ငြိမ်တဲ့ ဒေသက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပညာရေး၊ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းမွန်လာရေးတို့ကို အစိုးရသစ်က ဆောင်ရွက်ပေးဖို့ လိုလားကြတာကို တွေ့ရပြီး စစ်ဖြစ်ပွားရာဒေသက ဒေသခံတွေအတွက်ကတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးရေးတို့က ဦးစားပေးလိုအပ်ချက် ဖြစ်နေပါတယ်။ ၈၃ရာခိုင်နှုန်းကျော် အောင်မြင်မှုနဲ့အတူ အစိုးရဖွဲ့နိုင်တော့မယ့် NLD ပါတီအနေနဲ့  ဒေသအလိုက်ပေါ် မူတည်ပြီး လုပ်ဆောင်သင့်တာတွေကို ဦးစားပေးလုပ်ဆောင်နိုင်ဖို့ ပြည်သူတရပ်လုံးက မျှော်လင့်နေကြပြီပဲ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို ပူးပေါင်းပါဝင်ဖို့ဆိုပြီးနိုဝင်ဘာ ၁၂ရက်နေ့က ဖိတ်ခေါ်ခဲ့ပေမယ့် ပါတီအများစုကတော့ သတိနဲ့ စောင့်ကြည့်အုံးမယ်လို့ ဆိုထားကြပါတယ်။ တိုင်းပြည်ပိုမိုအေးချမ်းသာယာဖို့ကတော့ အဓိက ပဲ့ကိုင်မယ့် အစိုးရအသစ်အပေါ်မှာမူတည်တာမို့ လာမယ့်အစိုးရသစ်ရဲ့ မူဝါဒနဲ့ လုပ်နည်းကိုင်နည်းတွေကို ပြည်သူတရပ်လုံးက စိတ်ဝင်တစား နားစွင့်ရင်း အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ဖို့  အဆင်သင့်ပြင်နေကြပြီဖြစ်ပါတယ်။

 

#Voiceofmyanmar #VOM #ပြည်သူ့အသံ #ပြည်သူ့ဆန္ဒနဲ့မျှော်လင့်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW