ဇူလိုင်-၂၄-၂၀၂၄
မျိုးဆက်(VOM)
-လကမ္ဘာပေါ်မှာတွေ့တဲ့ လှိုဏ်ဂူက လူသားတွေ ရှင်သန် နေထိုင်နိုင်မှာလား
-လူတူစက်ရုပ်တွေကို ဘယ်အချိန်မှာ စသုံးဖို့ စီစဉ်နေကြသလဲ
-နိုင်ငံတကာ အာကာသစခန်းကို ဖျက်သိမ်းတော့မယ်
#လကမ္ဘာပေါ်မှာ လူတွေနေထိုင်နိုင်မယ့် မီတာ ၁၀၀ အနက် လှိုဏ်ဂူ တွေ့ရှိ
လကမ္ဘာပေါ်မှာ လူသားတွေနေထိုင်နိုင်ဖွယ်ရှိတဲ့ မီတာ ၁၀၀ အနက်ရှိ လှိုဏ်ဂူတခုကို သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလှိုဏ်ဂူဟာ လူသားတွေ ရေရှည်နေထိုင်နိုင်မယ့် အခြေစိုက်စခန်းတခု တည်ဆောက်ဖို့ အကောင်းဆုံးနေရာ ဖြစ်နိုင်ပြီး လရဲ့ မြေအောက်ကမ္ဘာရှိ ပုန်းကွယ်နေတဲ့ ရာနဲ့ချီတဲ့ လှိုဏ်ဂူတွေထဲက တခုဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။
လှိုဏ်ဂူကို အီတလီနိုင်ငံ ထရန်တိုတက္ကသိုလ်မှ သုတေသီတွေဖြစ်တဲ့ လော်ရန်ဇိုဘရူဇိုနီနဲ့ လီယိုနာဒိုကာရာတို့ရဲ့ စူးစမ်းလေ့လာမှုအတွင်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၆၉ ခုနှစ် အပိုလို ၁၁ အာကာသယာဉ် ဆင်းသက်ခဲ့တဲ့ နေရာဝန်းကျင်ဖြစ်ပါတယ်။
အာကာသထိပ်သီး နိုင်ငံကြီးတွေဟာ လကမ္ဘာပေါ်မှာ လူသားတွေ ကာလရှည်ကြာ ရှင်သန်နေထိုင်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီး လကမ္ဘာပေါ်မှာ ရှင်သန်ဖို့ဆိုတာ ဓါတ်ရောင်ခြည်ဖြာထွက်မှု ၊ အပူချိန်လွန်ကဲမှုနဲ့ အခြားအာကာသရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။
အသစ်တွေ့ရှိခဲ့တဲ့ လှိုဏ်ဂူဟာ လာမယ့်နှစ် ၂၀ မှ ၃၀ အတွင်း လူသားတွေနေထိုင်နိုင်ဖွယ်ရှိပြီး အလွန်နက်တဲ့အတွက် အတက်အဆင်းမှာ ဂျက်အင်ဂျင်ပျံသန်းကိရိယာ သို့မဟုတ် ဓါတ်လှေကားလိုအပ်မယ်လို့ ဗြိတိန်အာကာသယာဉ်မှူး ဟယ်လန်ရှာမန်းက သုံးသပ်ပြောဆိုထားပါတယ်။
# လူတူစက်ရုပ်တွေကို လာမယ့်နှစ်မှာ စတင်အသုံးပြုတော့မယ့် တက်စ်လာကုမ္ပဏီ
လာမယ့်နှစ်မှာ လူတူစက်ရုပ်တွေ စတင်အသုံးပြုတော့မယ်လို့ အီလွန်မာ့ခ်ပြော
တက်စ်လာလျှပ်စစ်ကား ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်ကစပြီး လူတူစက်ရုပ်တွေ စတင်ထုတ်လုပ် အသုံးပြုတော့မယ့်လို့ ကုမ္ပဏီသူဌေးဖြစ်သူ အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီလူတူစက်ရုပ်တွေကို တက်စ်လာကုမ္ပဏီက စတင်အသုံးပြုသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ စျေးကွက်ကို ရောင်းချပေးသွားမယ်လို့ သူကဆိုပါတယ်။ Optimus ဆိုတဲ့ လူတူစက်ရုပ်တွေကို ယခုနှစ်ကုန်မှာ တက်စ်လာစက်ရုံတွေအတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်မယ် မျှော်လင့်တယ်လို့ သူကဆိုပါတယ်။
“တက်စ်လာကုမ္ပဏီ စက်ရုံတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်တွေက ရှိနေပြီး ၂၀၂၆ ခုနှစ်မှာတော့ တခြားကုမ္ပဏီတွေမှာ အသုံးပြုဖို့အတွက် အများအပြား ထုတ်လုပ်ရောင်းချသွားမှာပါ”လို့ အီလွန်မာ့ခ်က ပြောပါတယ်။
တက်စ်လာရဲ့ Optimus လူတူစက်ရုပ်တွေဟာ တရုပ်ကို ဒေါ်လာ နှစ်သောင်းအောက်သာ ကျသင့်မယ်လို့ အီလွန်မာ့ခ်က ယခင်ကပြောဆိုထားပါတယ်။ အီလွန်မာ့ခ်ဟာ လျှပ်စစ်ကားရောင်းအားတွေ ကျဆင်းလာချိန်မှာ ဉာဏ်ရည်တုနည်းပညာ၊ မောင်းသူမဲ့ကားနဲ့ လူတူစက်ရုပ်လုပ်ငန်းတွေအပေါ် အာရုံစိုက်နေပါတယ်။
လက်ရှိမှာတော့ တက်စ်လာအပြင် Honda နဲ့ Boston Dynamics အပါအဝင် အခြားသော နည်းပညာကုမ္ပဏီကြီးတွေကလည်း သူ့တို့ရဲ့ကိုယ်ပိုင် လူတူစက်ရုပ်တွေ ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။
#နိုင်ငံတကာ အာကာသစခန်းဖျက်သိမ်းရေး SpaceX ရဲ့ အာကာသယာဉ်သစ် အသုံးပြုမယ်
၂၀၃၀ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် နိုင်ငံတကာ အာကာသစခန်း (အိုင်အက်စ်အက်စ်) ကိုဖျက်သိမ်းပြီး ကမ္ဘာပတ်လမ်းကြောင်း ပြင်ပသယ်ဆောင်ရေးအတွက် SpaceX ရဲ့ အာကာသယာဉ်သစ်ကို အသုံးပြုသွားမယ်လို့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) ထုတ်ပြန်ကြေညာပါတယ်။
အိုင်အက်စ်အက်စ် အစိတ်အပိုင်းတွေကို ဘေးကင်းလုံခြုံ တာဝန်ယူမှုရှိစွာ ဖြုတ်သိမ်းရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အလွန်အရေးကြီးကြောင်း နာဆာကဆိုပါတယ်။ ၁၉၉၈ ခုနှစ်မှ တည်ဆောက်မှုစတင်ခဲ့တဲ့ အိုင်အက်စ်အက်စ်ပေါ်မှာ ၂၀၀၀ ပြည့်နှစ်ကစပြီး အာကာသယာဉ်မှူးတွေဟာ အမျိုးမျိုးသော သုတေသန စမ်းသပ်မှုတွေကို ပြုလု်ပခဲ့ကြပါတယ်။
အိုင်အက်စ်အက်စ်ဟာ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ အကွာမှာတည်ရှိနေပြီး ဖျက်သိမ်းရေးအစီအစဉ်အတွက် ့် လက်ရှိ ထောက်ပံ့ပို့ဆောင်ရေးအဖြစ် အသုံးပြုနေသော SpaceX ၏ Dragon အာကာသယာဉ်ဒီဇိုင်းရဲ့ ၅၀ ရာခိုင်နှုန်းကို အခြေခံတည်ဆောက်မှာလို့ နာဆာက ပြောပါတယ်။
လေထုထဲသို့ အိုက်အက်စ်အက်စ်အစိတ်အပိုင်းတွေ ပြန်လည်ရောက်ရှိဖို့အတွက် နေရာကို လူနေမထူထပ်တဲ့ သမုဒ္ဒရာလိုနေရာတွေကို ရည်ရွယ်ထားပြီး တောင်ပစိတ်ဖိတ်ဒေသက အလားအလာရှိတဲ့ တနေရာရာဖြစ်မယ်လို့ နာဆာက ဆိုပါတယ်။
အိုင်အက်စ်အက်စ် ဖျက်သိမ်းရေးမှာအသုံးပြုမယ့် အာကာသယာဉ်သစ် တီထွင်မှုအတွက် နာဆာနဲ့ SpaceX တို့အကြား သဘောတူစာချုပ်အရ ဒေါ်လာ ၈၄၃ သန်း ကုန်ကျမှာဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။
Ref:IE/BBC
Photo:Getty Images/IE
#Voiceofmyanmar #VOM #Science #Tech