ကပ်ဘေးကာလရဲ့ ခြောက်သွေ့တဲ့ ခရစ္စမတ်

ဒီဇင်ဘာ ၂၁-၂၀၂၀
ယဉ်ပပထွန်း၊ ကောင်းလကျ်ာ၊ ညီသစ်၊ ရန်အောင်ထွန်း

ကိုဗစ် ၁၉ ရောဂါကပ်ဘေးရဲ့ ဒုတိယလှိုင်းကို ဖြတ်သန်းနေရတဲ့ ကာလအတောအတွင်း သေဆုံးသူ ၂၄၀၀ ကျော်နဲ့ အတည်ပြုလူနာ ၁၁၀၀၀၀ ကျော် ရှိလာခဲ့ပြီး၊ ရောဂါပိုးတွေ့လူနာတွေ များပြားထူထပ်တဲ့ ဒေသတွေကို stay home နယ်မြေများအဖြစ် သက်ဆိုင်ရာက သတ်မှတ်ထားသလို၊ တဖက်မှာလည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။
ဖြေလျှော့မှုတွေထဲမှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတွေမှာ လူ ၃၀ အထိ စုဝေး ဝတ်ပြုခွင့်ပေးထားပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း ကျရောက်မယ့် ခရစ္စမတ်ပွဲတော်ကို လုံးဝ မကျင်းပတော့မယ့် ခရစ်ယာန် ဘုရားကျောင်းတွေ ရှိသလို အများစုက အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာကိုပဲ အသုံးပြုပြီး ကျင်းပကြမယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က လုဒ်မယ်တော်ဘုရားကျောင်းဟာဆိုရင်တော့ ကိုဗစ်၁၉ ကပ်ဘေးကာလကြောင့် နှစ်စဉ်ကျင်းပနေကျ ခရစ္စမတ် ပွဲတော်ကို ဒီနှစ်မှာ လုံးဝ ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။
လုဒ်မယ်တော်သခင်မ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းဟာ ခရစ္စမတ်ပွဲတော်ကို နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိပြီး ညောင်လေးပင် မြို့နယ်အတွင်းကသာမက မြန်မာနိုင်ငံအနှံ့က ဘာသာဝင်တွေ လာရောက်ပါဝင်လေ့ ရှိပါတယ်။

ဒီနှစ်မှာတော့ ကိုဗစ်၁၉ ရောဂါကပ်ဆိုးကြီးကြောင့် ခရစ္စမတ်ကာလကို ငြိမ်းချမ်းတိတ်ဆိတ်စွာပဲ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။
“လူသုံးဆယ်ထက် ပိုပြီး မစုဝေးရဘူးဆိုတယ့်အခါ ပွဲတော်ရက် လူစုလူဝေး ဘာမှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာပါလို့ လုဒ်မယ်တော်သခင်မကျောင်း ကျောင်းထိုင်ဆရာတော် ဖာသာ Jude က VOM ကို ပြောပါတယ်။

ကိုဗစ်ကာကွယ်ရေး အစီအမံတွေကို လိုက်နာဆောင်ရွက်နိုင်ပေမယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် ဝတ်ပြုစုဝေးတဲ့အခါ လူစုလူဝေး ဖြစ်ပေါ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခရစ်ယာန် ဘုရားကျောင်း အများစုကတော့ လူတွေစုဝေးပြီး ဝတ်ပြုမှာကို ရှောင်ရှားပြီး အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာကနေပဲ ဝတ်ပြုမယ့် အစီအစဉ်တွေကို ရွေးချယ်ထားကြတယ်လို့ ဆိုကြပါတယ်။

“ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကိုကြည့်တဲ့အခါမှာ လာရောက်တဲ့သူတွေအတွက်လည်း အခက်အခဲရှိမယ်၊ စီစဉ်ဦးဆောင်ရတဲ့သူတွေအတွက်လည်း အခက်အခဲရှိနေမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အသင်းတော်အနေနဲ့ကတော့ Online System ကိုပဲ အသုံးပြုသွားဖို့ရှိပါတယ်။ ညီအစ်ကို မောင်နှမတွေ အိမ်တွေကို လိုက်လံပြီးတော့ လက်ဆောင် လေးတွေပေးမယ်၊ နောက်ပြီးတော့ အခြေခံလူတန်းစား ဘာသာပေါင်းစုံက ညီအစ်ကို မောင်နှမတွေကိုလည်း မေတ္တာပြသတဲ့အစီအစဉ်လေးတွေပေါ့နော်၊ တတ်နိုင်တဲ့ လက်ဆောင်လေးတွေပေါ့နော် ဆန်၊ဆီ၊ဆား လေးတွေ ဝေငှဖို့ရာ အတွက် ကျနော်တို့ စီစဉ်ထားပါတယ်” လို့ မန္တလေးမြို့ မက်သဒစ်အသင်းတော် (အထက်မြန်မာပြည်) က သိက္ခာတော်ရ ဆရာတော် Rev: Dr. ဦးဇော်ဝင်းအောင်က ပြောပြပါတယ်။

လာမယ့် ခရစ္စမတ်နေ့နဲ့ နှစ်သစ်ကူးနေ့တွေမှာ ZOOM နဲ့ ဆိုရှယ်မီဒီယာ ကို အသုံးပြုပြီး အွန်လိုင်းဝတ်ပြုစည်းဝေးတွေကိုပဲ လုပ်သွားကြမှာဖြစ်ပြီးတော့ အရင်နှစ်တွေလို သိုက်သိုက်ဝန်းဝန်း ရှိမှာမဟုတ်ပေမယ့် မကြာခင်ကာလမှာ ကပ်ဘေးကာလကနေ ကင်းလွတ်ပြီး အားလုံး ကျန်းမာ ပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းတယ်လို့လည်း Rev: Dr. ဦးဇော်ဝင်းအောင်က ပြောပါတယ်။

“Covid-19 ကပ်ရောဂါဆိုးကြောင့် လူသားတွေ စိုးရိမ်ခြင်းပူပန်ခြင်း ကြောက်ရွံထိတ်လန့်ခြင်းများရှိကြမည်ကို ကျနော့်အနေနဲ့ အကြွင်းမဲ့ယုံကြည်ပါတယ်။ သို့သော်လည်း ကျနော်တို့ ယုံကြည်ကိုးကွယ်ရာ ထာဝရ ဘုရားသခင်ဟာ အလုံးစုံတို့ကိုတတ်စွမ်းပေးနိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို ကျနော့အနေနဲ့ အဓိကထားပြီး ဖော်ပြပေးလိုပါတယ်။ ဒီအတွက်ကြောင့် လူတွေစိုးရိမ်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း ဟူသမျှတို့ကို ဘုရားသခင်က ဖြေရှင်းပေးမယ်ဆိုတာကိုလဲ ယုံကြည်ပါ။ ဘုရားရှင်ယူဆောင်လာတဲ့ ဝမ်းမြောက်ခြင်း၊ ပျော်ရွင်ခြင်း၊ ငြိမ်သက်ခြင်း သုခ ချမ်းသာ အဖြာဖြာတို့ဟာ ယနေ့ Covid-19 ကြောင့် ကြောက်ရွံ့ ထိတ်လန့်လျက်ရှိနေကြတဲ့၊ ကမ္ဘာမှာ ရှိကြတဲ့သူ အားလုံး အပေါ်မှာ သက်ရောက်ပြီးတော့၊ ကြောက်ရွံ့ ထိပ်လန့်မှု ကင်းစွာဖြင့် နေထိုင်အသက်ရှင်၍ ၂၀၂၁ ခုနှစ်ကို ကျန်းကျန်းမာမာရွှင်လန်းဝမ်းမြောက်စွာဖြင့် သုခ ချမ်းသာအပေါင်းခံစားရရှိကြ ၍ အသက်ရှင်သွားနိုင်ကြပါစေလို့ ကျနော်ဆုတောင်းမေတ္တာပို့သ ပေးပါတယ်လို့၊ မန္တလေး မက်သဒစ်အသင်းတော် သာသနာနယ် ဂိုဏ်းထောက်အုပ်လည်း ဖြစ်တဲ့ Rev: Dr. ဇော်ဝင်းအောင်က ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း အတော်များများဟာလည်း ရောဂါပြန့်ပွားမှုနှုန်း မြင့်နေသေးတဲ့အချိန်ကာလ ဖြစ်တာကြောင့် လူ ၃၀ အထိ စုဝေးခွင့် ရှိပေမယ့်လည်း အွန်လိုင်းကနေပဲ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ဝတ်ပြုတာကို ပြုလုပ်ကြမယ်လို့ သိရပါတယ်။

“အရင် ဆရာတို့က တစ်ရက်ကို လူ ၃၀၊ တစ်နာရီကိုပေါ့ စဉ်းစားမိသေးတယ်။ ဒါပေမဲ့ လူ ၃၀ လာ ဖို့က အရှေ့ပိုင်းမှာ ဆေးဖြန်းရမယ်၊ အပူချိန်တိုင်းရမယ်။ စာရင်းကောက်ရမှာနဲ့ ဝတ်ပြုပြီးလို့ ပြန်သွားရင် ဘုရားကျောင်းကို ဆေးဖြန်းရမယ်၊ နောက်ထပ် လူ ၃၀ အတွက် ထပ်လုပ်ရမယ်။ အဲ့ဒါကြီးက တော်တော် လေးကို အဆင်မပြေဘူးပေါ့။ အဖျားတိုင်းရတဲ့ လူကလည်း တယောက်ထဲ ဆိုတော့ မဖြစ်ပြန်ဘူး။ ဆရာတို့က မြန်မာနိုင်ငံခရစ်တော်အသင်းတော်များကော်စီနဲ့ တိုင်ပင်ပြီးတော့ ဒါတော့မလုပ်တော့ဘူး ဆိုပြီး Zoom နဲ့ဲပဲ လုပ်တာကတော့ ဘေးကင်းတယ်ဆိုပြီး အဲ့လိုပဲ ဆုံးဖြတ်ကြပါတယ်” လို့ ကြည့်မြင်တိုင် နှစ်ခြင်းအသင်းတော်က ဆရာဆမ်းဆမ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ကနေ စလို့ ၂၀၁၉ အထိ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့ဖူးပြီး ရန်ကုန်မြို့လယ်ခေါင်က စိန့်မေရီကသီဒြယ် ဘုရားကျောင်းမှာ ရန်ကုန်မြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်းတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန် ဘာသာဝင်တွေ စုပေါင်းဝတ်ပြုတာတွေ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ဒီနှစ်မှာတော့ အရင်နှစ်တွေလို ရန်ကုန်မြို့ပေါ်မှာ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်နေတာတွေ မရှိသလို ခရစ်ယာန် ဘုရားကျောင်းတွေမှာကလည်း မီးအလှ ထွန်းညှိထားကြတာသာ ရှိပါတယ်။
မြစ်ကြီးနားမြို့၊ စိန့်ကိုလန်ဘန်ကသီဒြယ် ဘုရားကျောင်းကတော့ နှစ်စဉ်နှစ်တိုင်း လူဦးရေ ထောင်ချီတက်ရောက်ဆင်နွှဲတဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ လူဦးရေ ကန့်သတ်ချက်ကြောင့် တကြိမ်ကို လူ ၃၀ သာ ပါဝင်တဲ့ ဝတ်ပြုပွဲကို ကျင်းပမှာဖြစ်ပြီး ဝတ်ပြုပွဲ အကြိမ်ရေကိုလည်း တိုးဖို့ စီစဉ်ထားတယ်၊ ဝတ်ပြုပွဲတိုင်းကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စနစ်တကျ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဝတ်ပြုပွဲတွေကို လူ အကန့်အသတ်နဲ့ အကြိမ်နည်းနည်းတိုးပြီးတော့ပေါ့ လုပ်ဖို့ စီစဉ်ထားပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း လိုက်နာပြီးတော့ လုပ်ပါမယ်။ ဒီအခက်အခဲက တကမ္ဘာလုံးမှာလည်း ဖြစ်နေတာဆိုတော့ ပထမဦးဆုံးက ဒါကို ကျော်လွှားနိုင်ဖို့ပဲ။ စည်းကမ်းလိုက်နာခြင်းဆိုတာ ကိုယ့်အသက်ကို စောင့်ထိန်းနိုင်ရုံတင်မကဘူးပေါ့ ကိုယ့်ကြောင့် သူများကို ရောဂါကူးစက်နိုင်မှုကိုလည်း ကာကွယ်နိုင်မယ့်အရေးဆိုတော့ ကျနော်တို့အားလုံး ဝမ်းပန်းတသာနဲ့ပဲ စည်းကမ်းလိုက်နာကြပါတယ်” လို့ မြစ်ကြီးနားမြို့၊ စိန့်ကိုလန်ဘန်ကသီဒြယ် ဘုရားကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဂျွန်လရော်က ပြောပါတယ်။

မြစ်ကြီးနားမြို့၊ နှစ်ခြင်းခရစ်ယာန် အသင်းတော်၊ ဂိုက်စ် အောင့်မေ့ဖွယ် ဗိမာန်တော်က သိက္ခာတော်ရ ဆရာတော်ဦးလမြန်ကတော့ သူတို့အသင်းတော်အနေနဲ့ အရင်နှစ်တွေလို လူရာထောင်ချီ ပါဝင်ဆင်နွှဲတဲ့ ခရစ္စမတ်ပွဲတော်မျိုးကို မလုပ်တော့ပဲ အွန်လိုင်းကနေပဲ ဓမ္မသီချင်းတွေနဲ့ ဝတ်ပြုအစီအစဉ်တွေကို ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်က ခရစ်ယာန် ဘာသာဝင်တွေကတော့ ကိုဗစ်၁၉ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို မိသားစု အပေါင်းအသင်းတွေ စုံလင်စည်ကားသိုက်မြိုက်တဲ့ ခရစ္စမတ်မဟုတ်ပဲ ခြောက်သွေ့တဲ့ ခရစ္စမတ်ကာလကိုပဲ ဖြတ်သန်းကြရမယ်လို့ တင်စားပြောဆိုကြပါတယ်။

“အွန်လိုင်းကနေပဲ ဝတ်ပြုတာတွေ လွှင့်ပေးမယ်၊ အသင်းတော် သံစုံသီချင်းအဖွဲ့ကိုလည်း လူဦးရေ ကန့်သတ်ပြီး သီချင်းဆိုတာ တီးမှုတ်တာတွေ ကြိုတင်ရိုက်ကူးထားပြီး ပြန်လွှင့်ပေးမယ်။ အရင်ကနဲ့တော့ အများကြီး ကွာသွားတာပေါ့ အရင်က စိုစိုပြည်ပြည်လေး။ ဒီနှစ်ကတော့ Dry Christmans ခြောက်ကပ်တဲ့ ခရစ္စမတ်ပေါ့။ ညပိုင်းဆိုလည်း ဘုရားကျောင်းမှာ ခရစ္စမတ်မီးလေး ထွန်းထားရုံပေါ့” လို့ ဆရာတော်ဦးလမြန်က ပြောပါတယ်။

နိုင်ငံအတွင်းမှာ စစ်ဘေးကာလအတွင်းသာမက၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ နှစ်တွေတုန်းကတောင် ဘာသာရေး ပွဲတော်တွေကို အတိုင်းအတာတခုအထိ ကျင်းပနိုင်ခဲ့ကြပါတယ်။

အခုလို ရောဂါကပ်ဘေးသင့်နေချိန်မှာတော့ ကိုယ်ကိုယ်တိုင်ရောဂါကူးစက်မှု မရှိဖို့သာမက၊ လူအများဆီ ရောဂါပြန့်ပွားမှုမရှိအောင် ကာကွယ်နေရချိန်ဖြစ်လို့ စည်းကမ်း ကန့်သတ်တာအပေါ် လက်ခံလိုက်နာကြသလို၊ ကိုဗစ် ၁၉ ကပ်ရောဂါ အမြန်ဆုံး လွန်မြောက်သွားဖို့က ခရစ္စမတ်နဲ့ နှစ်သစ်ကူး အထူးဆုတောင်းဖြစ်ပါတယ်လို့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ သာသနာပြုတွေက ဆိုကြပါတယ်။

#voiceofmyanmar #VOM #ကပ်ဘေးကာလရဲ့ #ခြောက်သွေ့တဲ့ #ခရစ္စမတ်

Related posts

Leave a Comment

VOM News

FREE
VIEW