ဗန်းမောက်မြို့က ပြစ်ဒဏ်ကျ အချုပ်သား ၁ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့၊ ဗန်းမောက်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေထဲက ပြစ်ဒဏ်ကျ အချုပ်သား ၂၈ ယောက်ကို မနေ့ ဒီဇင်ဘာ ၂၇ ရက်က ကသာအကျဉ်းထောင်ကို ပို့တဲ့အချိန် ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါရှိနေတဲ့ တရားခံ ၁ ဦးကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ပိုးတွေ့အတည်ပြု တရားခံ လူနာက အသက် (၂၈)နှစ်အရွယ် အမျိုးသား ဖြစ်တယ်၊ ကျန် တရားခံ ၂၇ ယောက်က ပိုးမတွေ့ရဘူး”လို့ ကသာခရိုင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုန့်ပြန် ထိန်းချုပ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ပိုးတွေ့တရားခံ လူနာနဲ့ ထိစပ်ခဲ့တဲ့ ဗန်းမောက်မြို့မရဲစခန်းက အချုပ်တရားခံ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၈)ဦးတို့ကို ဗန်းမောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနက RDT Tist kitနဲ့ အရေးပေါ် စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။

” ထောင်ပို့ လုံခြုံရေး လိုက်သွားတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ကွာရန်တင်း ထားပြီးပါပြီ၊ အချုပ်ခန်းနဲ့ ရဲစခန်းဧရိယာကို ပိုးသတ်ဆေးဖျန်းတာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ထားတယ်”လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးကအတည်ပြုပြောပါတယ်။

ကသာ အကျဉ်းထောင်ရှေ့မှာ တွေ့ခဲ့ရတဲ့ ပိုးတွေ့တရားခံလူနာကို ကသာပြည်သူ့ဆေးရုံ Isolation Ward မှာ ပို့ဆောင်ကုသနေပြီး ဗန်းမောက်မြို့မရဲစခန်းကိုတော့ အသွားအလာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမောက် #အချုပ်သား #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW